မြောက်ဥက္ကလာပမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့၀င်များအား လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၅) ဖွင့်လှစ်

မြောက်ဥက္ကလာပ  အောက်တိုဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌  ပြည်ထဲရေး၀န်ကြီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနမှကြီးမှူး၍ အရန်မီးသတ်တပ်ဖွဲ့၀င်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းဖွင့်ပွဲကို အောက်တိုဘာ ၁၃ ရက်နေ့ နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးမှူးရုံးတွင် ပြုလုပ်ခဲ့သည်။

ဦးစွာ  မြောက်ဥက္ကလာပမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးသူက သင်တန်းဖွင့် အမှာစကားပြောကြားရာတွင် ခေတ်မီဖွံ့ဖြိုးတိုးတက်နေတဲ့  မြန်မာနိုင်ငံတော်အနေဖြင့်  လုပ်သားပြည်သူများရဲ့ ဘ၀များ ငြိမ်းချမ်းသာယာစေဖို့နှင့် လုံခြုံစိတ်ချရစေဖို့အတွက်  မြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့၀င်များကို  လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းအား ဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ရည်မှန်းချက်တာ၀န်များအား အလေးထားပြီး သင်တန်းမှ ပို့ချပေးမည် ဘာသာရပ်များကို စိတ်ပါ၀င်စားစွာဖြင့် စနစ်တကျလေ့လာသင်ယူရန်လိုအပ်ပြီး ပြည်သူအကျိုးပြု‌လုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း စသည့်တို့ကို ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးသူက သင်တန်းသားများအား  တူညီ၀တ်စုံအား ထောက်ပံ့ပေးအပ်ရာ အရန်မီးသတ်တပ်ဖွဲ့ ခွဲမှူး ဦးသိန်း၀င်းက လက်ခံရယူခဲ့သည်။ အဆိုပါသင်တန်းကို နည်းပြ ၂ ဦးက သင်ကြားပို့ချမည်ဖြစ်ရာ သင်တန်းကို သင်တန်းသား ၅၀ ဦးက တက်ရောက်သင်ယူမည်ဖြစ်ပြီး သင်တန်းကာလမှာ အောက်တိုဘာ  ၁၃ ရက်နေ့မှ နို၀င်ဘာ ၇  ရက်နေ့ထိ   လေးပတ်ကြာ သင်ကြားပို့ချပေးမည်ဖြစ်သည်။

အဆိုပါ သင်တန်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ် ချုပ်ရေး ကော်မတီအဖွဲ့ဥက္ကဋ္ဌ  ဦးမိုးသူနှင့်အဖွဲ့၀င်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစည်သူမျိုးနှင့် တပ်ဖွဲ့၀င်များ၊  မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အရန်မီးသတ်တပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာ၀န်ရှိသူများ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြကြောင်းသိ ရသည်။

သက်လွင်စိုး (ပြန်/ဆက်)