မိုင်းဆတ် အောက်တိုဘာ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းအမှတ်စဉ်(၁/၂၀၂၅)သင်တန်းဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၁၃ ရက်နေ့ နံနက် ၉ နာရီက မြို့နယ် မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအားလွန်က အဖွင့်အမှာစကားပြောကြားရာ၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ လေ့ကျင့်ထားရန် လိုအပ်ပါကြောင်း၊ အမြဲလေ့ကျင့်နေမှ လုပ်ငန်းကျွမ်းကျင်မှုရှိပြီး ယုံကြည်မှုရရှိမှာဖြစ်ကြောင်း၊ ယခုသင်တန်းတွင် သင်ကြားပို့ချပေးမည့် မီးသတ်ပညာရပ်နှင့် ရှာဖွေကယ်ဆယ်ရေးဆိုင်ရာလုပ်ငန်းများကို သဘာဝဘေးအန္တရာယ် ရင်ဆိုင်တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ကြိုးစားလေ့လာဆည်းပူးပြီး သင်တန်းပြီးဆုံးပါက လက်တွေ့နယ်ပယ်တွင် ပြည်သူ့အကျိုးအတွက် ထိရောက်အောင်မြင်အောင် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်း ပြောကြားပြီး သင်တန်းတက်ရောက်မည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များအတွက် တူညီဝတ်စုံများ ပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းတွင် အရန်မီးသတ်တပ်ဖွဲ့ဝင် (၅၀) ဦးအား မီးသတ်ပညာနှင့် ရှာဖွေကယ်ဆယ်ရေးပညာဘာသာရပ်များ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ ရက်သတ္တပတ် (၄)ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)