ဒလ အောက်တိုဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် မီးသတ်ဦးစီးဌာနမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉:၀၀) နာရီအချိန်က ကမာကဆစ်ရပ်ကွက်၊ ဒလ-တွံတေး ကားလမ်းမဘေးရှိ မြို့နယ်မီးသတ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုင်းအောင်မြတ်က သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် သဘာဝဘေးအန္တရာယ်များနှင့် မီးလောင်မှုဖြစ်ပွားလာပါက မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ မီးသတ်ပစ္စည်းကိရိယာများဖြင့် ကျွမ်းကျင်ပိုင်နိုင်စွာ စနစ်တကျ မီးငြိမ်းသတ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ပြုလုပ်နိုင်ရန်ရည်ရွယ်၍သင်တန်းအား ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးသိန်းလွင်ရွှေက လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ပြောကြားခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးရွှေလှိုင်က သင်တန်းနှင့်ပတ်သက်သော လိုအပ်သည်များကို ပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို ဒလမြို့နယ် မီးသတ်ဦးစီးဌာနမှ ရပ်ကွက်၊ ကျေးရွာအုပ်စုများနှင့် ပူးပေါင်းဖွင့်လှစ်ပြီး သင်တန်းဖွင့်ပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် သင်တန်းသား(၅၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ အောက်တိုဘာလ(၁၃)ရက်နေ့မှ နိုဝင်ဘာလ(၇)ရက်နေ့အထိ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်စန္ဒာမြင့် (ပြန်/ဆက်)