မြစ်သားမြို့နယ်တွင် လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

မြစ်သား အောက်တိုဘာ ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ် (၆၄) စက်မှုလယ်ယာစခန်းမှ ကြီးမှူးဖွင့်လှစ်သည့် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အဆိုပါ စက်မှုလယ်ယာစခန်းသင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်မှ အမှာစကားပြောကြားပြီး ကျောက်ဆည်ခရိုင် စက်မှုလယ်ယာဦးစီးဌာနမှ ခရိုင်ဦးစီးဌာနမှူး ဦးမိုးကျော်က တောင်သူလယ်သမားများနှင့် စက်မှုလယ်ယာဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေသူများအား ခေတ်မီလယ်ယာသုံးစက်ကိရိယာများကို စနစ်တကျကျွမ်းကျင်စွာကိုင်တွယ်မောင်းနှင်အသုံးပြုနိုင်စေရန်၊ လယ်ယာသုံးစက်ကိရိယာမောင်းနှင်ခြင်းလုပ်ငန်းကို ဒေသအလိုက် အသက်မွေးဝမ်းကြောင်းလုပ်ငန်းအဖြစ် လုပ်ကိုင်နိုင်ကြစေရန်နှင့် ပုဂ္ဂလိကလယ်ယာဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းအကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် လယ်ယာသုံးစက်ကိရိယာ အပိုပစ္စည်းရောင်းဝယ်ရေး အောင်ဆက်မွန်ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ(ကိုယ်စား) ဦးဖြိုးသျှန်မောင်က တက်ရောက်လာသည့် သင်တန်းသားများကို ထွန်စက်၊ ရိတ်သိမ်းခြွေလှေ့စက်နှင့်ပက်သတ်သည့် စက်အပိုပစွည်းများကို စျေးကွက်အတွင်း သင့်တင့်စျေးနှုန်းနှင့် အရေးအသွေးကောင်းမွန်သော ပစ္စည်းများကို စက်ပိုင်တောင်သူများ စိတ်ချမ်းမြေ့စွာ ရွေးချယ်ဝယ်ယူသုံးနိုင်ရန်ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြစ်သားမြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး (ဦးစီးအရာရှိ) ဦးထွန်းထွန်းလင်းက သင်တန်းသား(၂၅)ဦးကိုယ်စား သင်တန်းသားတစ်ဦးအား သင်ထောက်ကူပစ္စည်းများကို ပေးအပ်ခဲ့သည်။ ထို့နောက် သင်တန်းနည်းပြ(၇)ဦးမှ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှုသင်ခန်းစာများကို စာတွေ့လက်တွေ့သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို အောက်တိုဘာလ(၁၃)ရက်နေ့မှ (၂၄)ရက်နေ့အထိ သင်တန်းကာလ (၁၂)ရက်ကြာ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှုဘာသာရပ် (၆)မျိုးဖြစ်သော အင်ဂျင်ဘာသာရပ်၊ လက်တွန်းထွန်စက်ဘာသာရပ်၊ ထွန်စက်ကြီးဘာသာရပ်၊ ရိတ်သိမ်းခြွေလှေ့စက်ဘာသာရပ်၊ ကောက်စိုက်စက်ဘာသာရပ်နှင့် ထွန်ယက်ကိရိယာများ ဘာသာရပ်များကို သင်တန်းသား(၂၅)ဦးအား သင်တန်းသားတစ်ဦးချင်းစီ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းမင်းထွန်း (ပြန်/ဆက်)