မိုးနဲ အောက်တိုဘာ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊မိုးနဲမြို့နယ်တွင် ကျောင်းအခြေပြု ဆုံဆို့-မေးခိုင်ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ဥယျာဉ်ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း၊ စုရပ်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဇင်မီဟန်၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးဖြင့်ကာကွယ်၍ရသော ရောဂါများ ဖြစ်ပွားသေဆုံးမှုနှုန်း လျော့နည်းစေရေးအတွက် (၂၀၂၅-၂၀၂၆) ပညာသင်နှစ်၊ ပညာသင်ကြားနေသော အခြေခံပညာအထက်တန်းကျောင်း၊ နောင်ကျော့ အလက (ခွဲ)ကျောင်း၊ ဥယျာဉ်အမကကျောင်းနှင့် နမ့်မော်လေ အမကကျောင်းရှိ အသက်(၅)နှစ်ပြည့်ပြီး (၇)နှစ်အောက် ကျောင်းသား၊ ကျောင်းသူ ၉၉ ဦးကို ဆုံဆို့မေးခိုင်ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထပ်ဆောင်းထိုးနှံပေးခြင်းနှင့် အသက် ၉ နှစ်ပြည့်ပြီး ၁၀ နှစ်အောက် ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ၅၀ ဦးကိုလည်းကောင်း စနစ်တကျထိုးနှံပေးခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းအိအိစံနှင့်ဆရာမများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာ အဖွဲ့တို့က လိုအပ်သောကူညီမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)