မိတ္ထီလာမြို့နယ်တွင် လယ်ယာသုံးစက်ကိရိယာ ကျွမ်းကျင်မှုလက်မှတ်ရသင်တန်း အမှတ်စဉ်(၄) ဖွင့်ပွဲအခမ်းအနားကျင်းပ

မိတ္ထီလာ အောက်တိုဘာ ၁၃

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် လယ်ယာသုံးစက်ကိရိယာကျွမ်းကျင်မှု လက်မှတ်ရသင်တန်း အမှတ်စဉ်(၄) ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၁၃ ရက်နေ့နံနက် ၉ နာရီအချိန်က စက်မှုလယ်ယာဗဟိုသင်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင်  စက်မှုလယ်ယာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထွန်းအေးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်ရဲ့ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် သမားရိုးကျလယ်ယာစိုက်ပျိုးရေးစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းဆောင်ရွက်ရာမှာ ခေတ်မီနည်းပညာမြင့် လယ်ယာသုံးစက်ကိရိယာများကို ကျွမ်းကျင်စွာမောင်းနှင် ပြင်ဆင်ထိန်းသိမ်းနိုင်မယ့် ပညာတက်လူငယ်လူရွယ် စက်မှုလယ်ယာကျွမ်းကျင် လုပ်သားကောင်းများ ဒေသအလိုက် ကျယ်ကျယ်ပြန့်ပြန့် လေ့ကျင့် မွေးထုတ်ပေးနိုင်ရေးနဲ့ နိုင်ငံအဆင့်ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်ဖြင့် လယ်ယာသုံး စက်ကိရိယာကျွမ်းကျင်မှုဆိုင်ရာ  အသက်မွေးဝမ်းကျောင်း လုပ်ငန်းများမှာ အာမခံချက်ရှိတဲ့ အလုပ်အကိုင်အခွင့်အလမ်း ကောင်းများရရှိစေရေးတို့အတွက် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ပေးခြင်း ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။၎င်းနောက် ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထွန်းအေးနှင့် တာဝန်ရှိသူများက သင်တန်းသားများနှင့်အတူ စုပေါင်းမှတ်တမ်းပုံရိုက်ကူးခဲ့ကြသည်။

အဆိုပါ လယ်ယာသုံးစက်ကိရိယာကျွမ်းကျင်မှုလက်မှတ်ရသင်တန်း အမှတ်စဉ်(၄)ကို သင်တန်းသား ၄၄ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှ ၂၀၂၅ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့မှ ၂၀၂၆ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့အထိ  ကြာမြင့်မည်ဖြစ်ပြီး ၎င်းသင်တန်းတွင် လယ်ယာသုံးစက်ကိရိယာ မောင်းနှင့်ထိန်းသိမ်းမှု ပညာရပ်များသာမက စက်ပြင်ဆင်မှုပညာရပ်များကိုပါ တစ်ပြိုင်နက် ကျွမ်းကျင် တက်မြောက်သည်အထိ လေ့ကျင့်သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)