ကော့မှူးတွင် မဲစာရင်းမှန်ကန်မှုရှိစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ကော့မှူး အောက်တိုဘာ ၁၃

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ တွေ့ဆုံ၍ မဲစာရင်းမှန်ကန်မှု ရှိစေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းနှင့် အဖွဲ့ဝင်များက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်အတွင်း မဲစာရင်းများ မှန်ကန်မှုရှိစေရေးနှင့် ကွဲလွဲမှုမရှိစေရေးအတွက် မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေး ဆောင်ရွက်သွားရန်၊ မြို့နယ်(Working Group)မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီနှင့် ပူးပေါင်း၍ကွင်းဆင်းဆောင်ရွက်ရာတွင် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဌာနဆိုင်ရာအားလုံး ပူးပေါင်းဆောင်ရွက်ကြရန်၊ ရပ်ကွက်ကျေးရွာများတွင် ကြေညာထားသည့် မဲစာရင်းများကိုလည်း ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး စဉ်ဆက်မပျက် လှည့်လည်ဆော်ဩသွား  ကြရန်နှင့် မသမာသူများဖျက်စီးမှုမရှိစေရေး စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်သွားရန်၊ မဲစာရင်းလာရောက် ကြည့်ရှုသည့် ပြည်သူများက မဲစာရင်းတွင် အမည်ထည့်သွင်းခြင်း၊ မပါဝင်သင့်သူများ ပါဝင်ပါက ကန့်ကွက်ခြင်း၊ အချက်အလက်များမှားယွင်းပါက ပြင်ဆင်ခြင်းများ လျှောက်ထားရာတွင် ရွေးကောက်ပွဲ ဥပဒေနှင့်အညီ စနစ်တကျသတ်မှတ်ပုံစံများဖြင့် ပြုစုတင်ပြဆောင်ရွက်သွားကြရန် ဆွေးနွေး ပြောကြားခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။

ကော့မှူးမြို့နယ်တွင် ရပ်ကွက်(၇)ရပ်ကွက်၊ ကျေးရွာအုပ်စု(၅၅)အုပ်စု၊ စုစုပေါင်း (၆၂)ခုတို့ရှိ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများတွင် ပထမအကြိမ်မဲစာရင်းများကို အောက်တိုဘာ ၂၀ ရက်နေ့အထိ ကြေညာထားမည်ဖြစ်ကြောင်း သိရသည်။

ကျော်သူရ