တိုက်ကြီးမြို့နယ်၌ တန်းမြင့်မြေတိုင်းတာခြင်းနှင့် လုပ်ငန်းခွင်မြေတိုင်းတာခြင်း သင်တန်းဖွင့်ပွဲကျင်းပ

တိုက်ကြီး အောက်တိုဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန ဗဟိုမြေစာရင်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေးသင်တန်းကျောင်း၌ တန်းမြင့်မြေတိုင်းတာခြင်းနှင့် မြေစာရင်း သင်တန်းအမှတ်စဉ်(၄၇)နှင့် လုပ်ငန်းခွင်မြေတိုင်းတာခြင်းနှင့် မြေစာရင်းသင်တန်း အမှတ်စဉ် (၇၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပသည်။

ရှေးဦးစွာ ဗဟိုမြေစာရင်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း ညွှန်ကြားရေးမှူး ကျောင်းအုပ်ကြီး ဦးသိန်းစိုးမင်းက ခေတ်မီမြေတိုင်းကိရိယာများ ဖြစ်သည့် Total Station နှင့် RTK GPS များကို ကျွမ်းကျင်စွာကိုင်တွယ်အသုံးပြုပြီး တိုင်းတာတတ်စေရန်နှင့် ကွန်ပျူတာအသုံးပြု၍ မြေပုံရေးဆွဲထုတ်လုပ်တတ်စေရန်ရည်ရွယ်၍ ယခုဖွင့်လှစ်သည့်သင်တန်းတွင် မြေတိုင်းတာခြင်း ပညာရပ်နှင့် မြေစာရင်းပညာရပ်(၂)မျိုးကို အဓိကထား သင်ကြားပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ သင်တန်းသို့ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ မြေတိုင်း-၄၊ မြေတိုင်း-၅နှင့် လက်ထောက်ဦးစီးမှူးများ စုစုပေါင်း ၂၀၀ ဦး တက်ရောက်ပြီး သင်တန်းကာလမှာ ၅ လခွဲကြာ သင်တန်းနည်းပြများက စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)