သင်္ဃန်းကျွန်းမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာသူများ ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရေး အသိပညာပေးလုပ်ငန်းဆောင်ရွက်

သင်္ဃန်းကျွန်း  အောက်တိုဘာ  ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် စံပြရပ်ကွက်တွင် ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာနေရသူများအနေဖြင့် ၂၀၂၅ ခုနှစ်တွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးခွင့်မဆုံးရှုံးစေရန် ယမန်နေ့ နံနက်က စံပြရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင်  အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးလုပ်ငန်း ဆောင်ရွက်ရာတွင် စံပြရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကြည်စိုးက  သင်္ဃန်းကျွန်းမြို့နယ် စံပြရပ်ကွက်အတွင်း ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာ နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရန်နှင့် မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူတစ်ဦးချင်း မဲပေးပိုင်ခွင့် ရရှိစေရန်အတွက် ပုံစံ(၆၆) မိတ္တူ၊ မှတ်ပုံတင်မိတ္တူနှင့် ဧည့်စာရင်းတို့ ယူဆောင်လာရန်၊ မိမိတို့ရုံးမှ သက်ဆိုင်ရာ ဖြည့်သွင်းရမည့်ပုံစံစာရွက်တို့အား အခမဲ့ထုတ်ပေးမည်ဖြစ်ကြောင်း၊ ပုံစံတွင်ဖြည့်သွင်းရေးသားရာ၌ အခက်အခဲရှိပါက မိမိတို့ရုံးမှ ​ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ် စံပြရပ်ကွက်တွင် ယာယီနေရပ်စွန့်ခွာပြည်သူ (၃၅၁) ဦးရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၂၃၁) ဦးရှိကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ သိရှိရကြောင်း သတင်းရရှိသည်။

ဇော်မိုး (သင်္ဃန်းကျွန်း)