ဒဂုံတောင် အောက်တိုဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် မီးသတ်စခန်းနှင့် (၂)မိုင်ခန့်အကွာရှိ ၂၀ ရပ်ကွက် ဖူးကြီးများလမ်း၌ အောက်တိုဘာ (၁၁) ရက်နေ့ ည (၆) နာရီ ၅၂ မိနစ်ခန့်တွင် Nissan Vane အမျိုးအစား ကားအဖြူရောင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်း ရရှိသည်။
ဖြစ်စဉ်မှာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ၂၀ ရပ်ကွက် ဖူးကြီးများလမ်း၌ Nissan Vane အမျိုးအစား ကားအဖြူရောင်သည် မောင်းနှင်နေစဉ် ဝါယာရှော့ဖြစ်ပြီး အပူလွန်ကဲရာမှ မီးကူးစက် လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုအား ကနဦး ရပ်ကွက်နေပြည်သူများက 3KG မီးသတ်ဆေးဘူး(၂)ဘူးဖြင့် မီးငြိမ်းသတ်ပြီး ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် မီးသတ်ဦးစီးဌာန ဒုတိယမီးသတ်ဦးစီးမှူး ဦးအောင်မင်းသီဟ ဦးဆောင်သော သန္ဓေတပ်ဖွဲ့ဝင်(၆)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၅)ဦး၊ စုစုပေါင်း အင်အား(၁၁)ဦးတို့က မီးငြှိမ်းသတ်ယာဉ်(၁)စီး ရေဂါလံ(၂၀၀)ဖြင့် ငြှိမ်းသတ်ရာ ၇ နာရီ ၄ မိနစ်တွင် မီးငြိမ်းပြီး လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။
ယင်းဖြစ်စဉ်ကြောင့် ယာဉ်ပိုင်ရှင်အား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရဲစခန်းမှ အရေးယူဆောင်ရွက်ထားကြောင်းနှင့် ပစ္စည်းဆုံးရှုံးမှုတန်ဖိုး ကျပ် ၅၀၀၀၀/-ရှိကြောင်း သတင်းရရှိသည်။
သန်းသန်းအေး (ပြန်/ဆက်)