တောင်ဥက္ကလာပမြို့နယ်တွင် ပထမအကြိမ် မဲစာရင်းကြေညာထားမှုအား တာဝန်ရှိသူများ လိုက်လံကြည့်ရှုစစ်ဆေး

တောင်ဥက္ကလာပ အောက်တိုဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ရပ်ကွက်များတွင် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများကြေညာထားရှိမှုကို မဲစာရင်းမှန်ကန်စေရေးကိစ္စရပ်များနှင့် ပတ်သက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ယနေ့နေ့လယ်ပိုင်းက လိုက်လံကြည့်ရှုစစ်ဆေးကြသည်။

အဆိုပါပထမအကြိမ် မဲစာရင်းကပ်ထားကြေညာရာတွင် သက်ဆိုင်ရာရပ်ကွက်‌ ရွေးကောက်ပွဲကော်မရှင်ရုံးများတွင် ကပ်ထားကြေညာထားရှိမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှု၍ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိအမည်မပါဝင်ပါက ပုံစံ(၃)ဖြင့်လည်းကောင်း၊ ကန့်ကွက်လိုလျှင်ပုံစံ(၄)ဖြင့်လည်းကောင်း၊ အချက်အလက်များ မှားယွင်းနေလျှင်ပုံစံ(၄-ဂ)ဖြင့်လည်းကောင်း၊ လျှောက်ထားနိုင်ကြောင်းနှင့် လိုအပ်သည်များကိုလည်း တာဝန်ရှိအကြီးကဲများမှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်တွင် ရပ်ကွက်(၁၃)ခုရှိရာ မဲဆန္ဒရှင်ပြည်သူများမှ မိမိနာမည်ပါမပါနှင့် မဲပေးပိုင်ခွင့် ရှိသူများအနေဖြင့် မဲပေးပိုင်ခွင့်များဆုံးရှုံးမှုမရှိစေရန်အတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာလ ၂၀ ရက်နေ့အထိ ကြေညာထားမည်ဖြစ်ကြောင်း သိရသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)