ရန်ကုန် အောက်တိုဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီးသံဃနာယကအဖွဲ့ကကြီးမှူးကျင်းပသည့် (ဂိုဏ်းပေါင်းစုံ)သံဃနာယကနှင့် ဝိနည်းဓိုရ်သင်တန်းဆင်း အောင်လက်မှတ်ဆက်ကပ်ချီးမြှင့်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်အနီးရှိ တပ်မတော်ဓမ္မာရုံတွင် ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်အမှူးပြုသည့် သံဃနာယကနှင့် ဝိနည်ဓိုရ်သင်တန်း သြဝါဒါစရိယ ဆရာတော်ကြီးများ၊ တိုင်းဒေသကြီးသံဃနာယက ဆရာတော်ကြီးများ၊ မြို့နယ်အသီးသီးမှ သံဃနာယကဆရာတော်များနှင့် သင်တန်းသားဆရာတော်များ ကြွရောက်တော်မှုကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရန်ကုန်မြို့ရှိ ဘုရားစေတီများမှ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးအသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အလှူရှင်များ တက်ရောက်ကြည်ညိုကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ဒွိပိဋကဓရ၊ တိပိဋကာလင်္ကာရစာသင်တိုက် ဦးစီးပဓါနနာယက ဆရာတော် ဘဒ္ဒန္တအဂ္ဂသာမိထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက် တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်က သင်တန်းမှူးဆရာတော်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း၊ သင်တန်းသားဆရာတော်များအား မြို့နယ်အလိုက် သင်တန်းဆင်းအောင်လက်မှတ်များကိုလည်းကောင်း ဆက်ကပ်ချီးမြှင့်သည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်ထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရား နာယူကြပြီး ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။
အခမ်းအနားအပြီးတွင် သင်တန်းဆင်းအောင်ပွဲအဖြစ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရန်ကုန်မြို့ရှိ ဘုရားစေတီများမှ ဘဏ္ဍာတော်ထိန်း ဂေါပက အဖွဲ့ဝင်များနှင့်အလှူရှင်များက သင်တန်းဩဝါဒါစရိယဆရာတော်များ၊ သင်တန်းနည်းပြဆရာတော်များနှင့် သင်တန်းသားဆရာတော် အပါး ၃၃၀ တို့အား ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)