မြစ်ကြီးနား အောက်တိုဘာ ၁၂
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း ယာယီနေရပ်စွန့်ခွာမိသားစုများ နေထိုင်စား သောက်မှုအဆင်ပြေစေရေး အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ယနေ့ မွန်းလွဲ ၂ နာရီ က မြစ်ကြီးနားမြို့နယ် ရွှေစက်ရပ်ကွက်အတွင်းရှိ ယာယီနေရပ်စွန့်ခွာစခန်းများမှ အိမ်ထောင်စုများနှင့် နောင်နန်းကျေးရွာအုပ်စုအတွင်းရှိ အိမ်ထောင်စုများအား သွားရောက်တွေ့ဆုံအားပေးထောက်ပံ့သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရွှေစက်ရပ်ကွက်အတွင်းရှိ မြစ်ကြီးနား ဇုံနယ် လီဆူနှစ်ခြင်းအသင်းတော်များအဖွဲ့ ယာယီနေရပ်စွန့်ခွာစခန်းသို့ သွားရောက်ပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက အဆိုပါ စခန်း၌ COC ဘုရားကျောင်း၊ နာဇရပ်အသင်းတော် ကျမ်းစာကျောင်း၊ ခိုလှုံရာလူငယ်ပြုစုရေးသင်တန်းကျောင်း၊ ဦးမိုတီရမ်းခြံဝင်းနှင့် ခရစ်တော်၏ အသင်းတော်စခန်းတို့တွင် ဝိုင်းမော်မြို့နယ်အတွင်းမှ ယာယီခိုလှုံနေထိုင်လျက်ရှိသော အိမ်ထောင်စု ၁၉၉စုတို့အတွက် ဆန် (၂၄)ပြည်ပါအိတ် ၁၉၉ အိတ်၊ ဆီ ၁၉၉ ပိဿာ၊ ကြက်ဥအလုံး ၃၉၈၀ တို့နှင့် ကျောင်းသုံးကိရိယာပစ္စည်းများကို ထောက်ပံ့ပေးအပ်ရာ စခန်းတာဝန်ခံတစ်ဦးက ကျေးဇူး တင်စကားနှင့် စခန်းများအလိုက် နေအိမ်တန်းလျားများ ဆောက်လုပ်ပြုပြင်နိုင်ရေးအတွက် ဝါး၊ မိုးကာ၊ သွပ်ကြိုးလိုအပ်ချက်များ၊ သဲကျောက်ခင်းပေးနိုင်ရေး၊ သောက်သုံးရေလိုအပ်ချက်များ စသည်တို့ကို တင်ပြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း ယာယီ နေရပ်စွန့်ခွာမိသားစုများ အမိုးအကာဖြင့် လုံခြုံစွာနေထိုင်နိုင်ရေး၊ စားသောက်မှု အဆင်ပြေစေရေးတို့ အတွက် စဉ်ဆက်မပြတ် ထောက်ပံ့ပေးလျက်ရှိသည့်အပြင် နိုင်ငံတော်မှလည်း ထောက်ပံ့ငွေများကို ပံ့ပိုးပေးလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ မိသားစုများအနေဖြင့် ယခုလို လိုအပ်ချက်များကို တင်ပြပေးသည့်အတွက် ကျေးဇူးတင်ပါကြောင်းနှင့် လိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း အားပေးပြောကြားပြီး စခန်းအတွင်းအိမ်ထောင်စုများ၏ လိုအပ်ချက်များကို ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နောင်နန်းကျေးရွာအုပ်စု၊ မော် တောင်းကျေးရွာအတွင်းရှိ ဂျော်မဆပ်နှစ်ခြင်းခရစ်ယာန်ဘုရားရှိခိုးကျောင်း၌ ဖားကန့်မြို့နယ်အတွင်းရှိ ကျေးရွာများမှ လာရောက်ခိုလှုံနေထိုင်လျက်ရှိသော အိမ်ထောင်စုများနှင့်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က အိမ်ထောင်စု (၈၁)စုတို့အတွက် ဆန် (၂၄)ပြည်ပါအိတ် (၈၁) အိတ်နှင့် ဆီ ၈၁ ပိဿာတို့ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး စခန်းတာဝန်ရှိသူများနှင့်ကျေးရွာတာဝန်ခံတို့က အိမ်ထောင်စုများအတွက် ယာယီနေအိမ်ဆောက်လုပ်ပေးနိုင်ရေးအခြေခံလိုအပ်ချက်များနှင့် ကျေးရွာတွင်းလမ်းခင်းပေးနိုင်ရေးတို့ကိုတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်