ထန်းတပင်မြို့နယ်၌ မဲစာရင်းများမှန်ကန်မှုရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ထန်းတပင်(ရန်ကုန်) အောက်တိုဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် မဲစာရင်းများမှန်ကန်မှုရှိစေရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲနှင့် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ (၁၂)ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပြုလုပ်ခဲ့ကြရာ အစည်းအဝေးသို့ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲနှင့် ရပ်ကွက်/ကျေးရွာအုပ်စု (၅၉)အုပ်စုတို့မှ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက မဲစာရင်းများမှန်ကန်မှုရှိ စေရေးအတွက် သက်ဆိုင်ကဏ္ဍအလိုက် အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ အစည်းအ‌ဝေးသို့ တက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက မိမိတို့သိရှိလိုသည့် အချက်အလက်များကို မေးမြန်းခဲ့ကြရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ပြန်လည်၍ ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)