တပ်ကုန်း အောက်တိုဘာ ၁၂
ပြည်ထောင်စုနယ်မြေနေပြည်တော် တပ်ကုန်းမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲလုပ်ငန်းများအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူက မြို့နယ်အတွင်း မဲစာရင်းများမှန်ကန်မှုရှိစေရေးနှင့် ကွဲလွဲမှုမရှိစေရေးအတွက် မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးဆောင်ရွက်သွားရန်၊ မြို့နယ်(Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီအဖွဲ့နှင့်ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ရာတွင် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ဌာနဆိုင်ရာအားလုံး ပူးပေါင်းဆောင်ရွက်ကြရန်၊ ရပ်ကွက်ကျေးရွာများတွင်ကြေညာထားသည့် မဲစာရင်းများကိုလည်း ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး စဉ်ဆက်မပြတ်လှည့်လည်ဆော်ဩသွားကြရန်နှင့် မသမာသူများဖျက်ဆီးမှုမရှိစေရေး စနစ်တကျထိန်းသိမ်း စောင့်ရှောက်သွားရန်၊ မဲစာရင်းလာရောက်ကြည့်ရှုသည့် ပြည်သူများကမဲစာရင်းတွင် အမည်ထည့်သွင်းခြင်း၊ မပါဝင်သင့်သူများပါဝင်ပါက ကန့်ကွက်ခြင်း၊ အချက်အလက်များမှားယွင်းပါက ပြင်ဆင်ခြင်းများလျှောက်ထားရာတွင် ရွေးကောက်ပွဲဥပဒေနှင့်အညီ စနစ်တကျသတ်မှတ်ပုံစံများဖြင့် ပြုစုတင်ပြဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားခဲ့ရာ တက်ရောက်လာသူများက သိရှိလိုသည်များမေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားသည်။
တပ်ကုန်းမြို့နယ်တွင် ရပ်ကွက်(၆)ရပ်ကွက်၊ ကျေးရွာအုပ်စု(၄၉)အုပ်စုအတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာ ၂၀ ရက်အထိ ကြေညာထားမည်ဖြစ်ကြောင်း သိရသည်။
တင့်တင့်