ဒက္ခိဏခရိုင် ပြည်သူ့စာကြည့်တိုက်၌ သက်ကြီးစာ‌ပေပညာရှင်များ ပူဇော်ကန်‌တော့ပွဲနှင့် စာဖတ်ဝိုင်း ကျင်းပ

နေပြည်တော် အောက်တိုဘာ ၁၂

နေပြည်တော်စာပေဝိုင်းက ကြီးမှူးကျင်းပသည် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲနှင့် စာဖတ်ဝိုင်းကို ယနေ့နက်နက်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင် ပြည်သူ့စာကြည့်တိုက်၌ကျင်းပရာ အခမ်းအနားသို့ မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာမြင်းမူမောင်နိုင်မိုး၊ ဒုတိယဥက္ကဋ္ဌ ဆရာမောင်စိမ်းနောင်(လယ်ဝေး)၊ နေပြည်တော်စာပေဝိုင်း ဂုဏ်ထူးဆောင်နာယက အမေတင်ရီမ(ညောင်ဦး)၊ နေပြည်တော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်နှင့် ဝန်ထမ်းများ၊ နေပြည်တော်စာပေဝိုင်းအဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ နေပြည်တော်စာပေဝိုင်း ကန်တော့ခံစာပေပညာရှင်များဖြစ်ကြသော အမေတင်ရီမ (ညောင်ဦး)၊ ဆရာမြင်းမူမောင်နိုင်မိုး၊ မစံပယ် (တောင်တွင်းကြီး)၊ မေချို(ပျဉ်းမနား)၊ ရွှေပြည်စိုး(မိုးကုတ်)တို့အား နေပြည်တော်စာပေဝိုင်းအဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များက ကန်တော့ခံပစ္စည်းများ၊ ကန်တော့ငွေများဖြင့် ပေးအပ်ပူဇော်ကန်တော့ကြရာ ကန်တော့ခံစာပေပညာရှင်များက စာအုပ်လက်ဆောင်များ ပြန်လည်ပေးအပ်ကြသည်။

ထို့နောက် နေပြည်တော်စာပေဝိုင်းမှ မြန်မာနိုင်ငံစာရေးဆရာအသင်း သက်ကြီးပူဇော်ပွဲသို့ လှူဒါန်းငွေ ကျပ်(၂၇၀၀၀၀)၊ ဆရာ စိုးတင့်(ဧရာဝတီ)မှ လှူဒါန်းငွေ ကျပ်(၂၀၀၀၀၀)နှင့် ပုဗ္ဗသီရိမြို့နယ် စာရေးဆရာအသင်းမှ လှူဒါန်းငွေ ကျပ်(၁၀၀၀၀၀)တို့ကို အသီးသီး ပေးအပ်လှူဒါန်းကြရာ မြန်မာနိင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာမြင်းမူမောင်နိုင်မိုးက လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားသည်။ ယင်းနောက် အလှည့်ကျနာယက ဆရာကဖိုးကျင်မှ ကျေးဇူးတင်စကားပြောကြားပြီး ပထမပိုင်းအစီအစဉ် ပြီးမြောက်ခဲ့သည်။

ဆက်လက်၍ ဒုတိယပိုင်းအစီအစဉ်အဖြစ် စာဖတ်ဝိုင်းဆက်လက်ကျင်းပရာ “စာမဖတ်သူပပျောက်ရေးနှင့် နေပြည်တော်စာပေဝိုင်းခရီး” ခေါင်းစဉ်ဖြင့်် ဆရာမောင်စိမ်းနောင်(လယ်ဝေး)၊ ဒေါက်တာအောင်ကျော်ဦး၊ ဒေါက်တာမြတ်မိုး၊ နေပြည်တော်စာပေဝိုင်းအဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များက စာမဖတ်သူပပျောက်ရေး၊ စာဖတ်သူတိုးပွားရေးနှင့်ပတ်သက်၍ မိမိတို့၏ ရှုထောင့်အမြင်များမှ အသီးသီးဆွေးနွေးကြပြီး နေပြည်တော်စာပေဝိုင်းအနေဖြင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအကြောင်းကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက် မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာမြင်းမူမောင်နိုင်မိုးနှင့် နေပြည်တော်စာပေဝိုင်း ဂုဏ်ထူးဆောင်နာယက အမေတင်ရီမ(ညောင်ဦး)တို့က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

နေထက်ပိုင်(ပြန်/ဆက်)