ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ သီတင်းကျွတ်ရုံးပိတ်ရက်ကာလအတွင်း ရှုခင်းကြည့်တောင်ကုန်းများတွင်ပုဂံဒေသနေဝင်ဆည်းဆာ ကြည့်သူများဖြင့် ကြိတ်ကြိတ်တိုးစည်ကားခဲ့

ညောင်ဦး အောက်တိုဘာ ၁၂

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ဒေသအတွင်း သီတင်းကျွတ်ရုံးပိတ်ရက်ကာလ (၄)ရက်အတွင်း ရှုခင်းကြည့်တောင်ကုန်းများတွင် မြန်မာပြည်အရပ်ရပ်မှ လာရောက်သည့် ခရီးသွားဘုရားဖူးများ ကြိတ်ကြိတ်တိုး ကြည့်ရှုခဲ့ကြောင်း သိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း မြန်မာပြည်အရပ်ရပ်မှ လာရောက်ကြသည့် လေ့လာရေးလာရောက်သူ၊ ဘုရားဖူးပြည်သူများသည် အောက်တိုဘာ (၄)ရက်မှ (၇)ရက်အထိ သီတင်းကျွတ်ရုံးပိတ်ရက်ကာလအတွင်း ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ သမိုင်းအထင်ကရဘုရားများ၊ စေတီ၊ ပုထိုးများ၊ သာသနိကအဆောက်အအုံများသို့ လေ့လာ၍ ဘုရားဖူးကြကာ ညနေပိုင်းတွင် ရှုခင်းကြည့်တောင်ကုန်းများဖြစ်သည့် ညောင်လက်ဖက်ကန် ရှုခင်းကြည့်တောင်ကုန်း၊ ဖိုးမောက်ကြီး ရှုခင်းကြည့်တောင်ကုန်း၊ မင်းနန်သူကျေးရွာအနီးရှိ လေးထောင့်ကန် ရှုခင်းကြည့်တောင်ကုန်း၊ အရှေ့အိုးထိန်းကုန်း၊ အနောက်အိုးထိန်းကုန်းတို့မှ ပုဂံရှေးဟောင်းဘုရားများ၊ ဧရာဝတီမြစ်နှင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်ရှိ တန့်ကြည်းတောင်တန်းနောက်ခံ နေဝင်ဆည်းဆာကြည့်ရှုကြရန် ရှုခင်းကြည့် တောင်ကုန်းများတွင် ညနေ (၄)နာရီမှစတင်၍ နေရာယူကာ နေလုံးကြီးတဖြည်းဖြည်း တန့်ကြည်းတောင်တန်းပေါ်မှ ပျောက်ကွယ်သည်အထိကြည့်ရှုခဲ့ကြောင်း၊ ရှုခင်းကြည့် တောင်ကုန်းများပေါ်မှ ပုဂံရှေးဟောင်းရှုခင်းများနောက်ခံထား ဓာတ်ပုံရိုက်ကြခြင်း၊ ဗီဒီယိုရိုက်ကြခြင်းများဖြင့် ကြိတ်ကြိတ်တိုးစည်ကားခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးညီမွန်းကပြောကြား၍ သိရသည်။

ဒီပါလင်း