ညောင်ဦး အောက်တိုဘာ ၁၂
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်ထွက် ဆောင်းကြက်သွန်နီဈေးနှုန်း ၁၀၀၀ ကျပ်သာရောင်းချနေရခြင်းကြောင့် ယခုနှစ်ကြက်သွန်နီစိုက်ပျိုးတောင်သူ နည်းသွားနိုင်ကြောင်း ကျောက်ပန်းတောင်းမြို့နယ် ကန်ပတ်လည်အုပ်စု မုန့်ကုန်းကျေး ရွာ ကြက်သွန်နီစိုက်ပျိုးတောင်သူ ဦးမင်းညိုကပြောကြားသည်။
ဆောင်းကြက်သွန်နီဈေးနှုန်းများ ဧပြီ၊ မေလပထမပတ်တို့တွင် ကြက်သွန်နီတစ်ပိဿာ ကျပ်၁၅၀၀ မှ ၁၇၀၀ အထိရောင်းချခဲ့ရပြီး မေလဒုတိယပတ်မှ အောက်တိုဘာ ပထမပတ်ထိ ကြက်သွန်နီဈေးနှုန်း ၁၀၀၀ ကျပ်သာရောင်းချနေရခြင်းကြောင့် ကြက်သွန်နီ စိုက်ပျိုးတောင်သူများ ယခုနှစ်စိုက်ပျိုးရန် အရင်းအနှီးအခက်အခဲဖြစ်နိုင်ကြောင်း ကြက်သွန်စိုက်ပျိုးတောင်သူများကရှင်းပြသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ဆောင်းကြက်သွန်နီခေါ် လှောင်ကြက်သွန်နီအများအပြားစိုက်ပျိုးကြပြီး ကြက်မောက်တောင်ချောင်းတစ်လျှောက် စိုက်ပျိုးခြင်း၊ ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင်ကျေးရွာများမှ စိုက်ပျိုးခြင်း၊ ရေဆုံးအုပ်စုကျေးရွာများတွင် စိုက်ပျိုးခြင်းနှင့်စိတ္ထိန်း၊ ကမ်းဖြူကျေးရွာများတွင် စိုက်ပျိုးကြကြောင်း၊ ဆောင်းကြက်သွန် တစ်သီးစိုက်ပျိုးရန် ပျိုးထောင်ချိန်မှ စိုက်ပျိုးချိန်၊ နုတ်သိမ်းချိန်ထိ အချိန်ခြောက်လကျော်ကြာမြင့်ကြောင်း၊ ဆောင်းကြက်သွန်မျိုး စတင်ပျိုးထောင်ချိန် သီတင်းကျွတ်လ၊ တန်ဆောင်မုန်းလတို့တွင် ပျိုးထောင်ကြပြီး ပျိုးသက် ၄၅ ရက်ရှိလျှင် ကြက်သွန်စိုက်ခင်းအတွင်းသို့ ရွှေ့ပြောင်းစိုက်ရကြောင်း၊ ရွေ့ပြောင်းမစိုက်ပျိုးခင်အချိန်ထိ ထွန်ရေးညက်အောင်ထွန်ယက်ရခြင်း၊ မြေဆီ၊ မြေဩဇာနှပ်ထားရခြင်း၊ ရေလောင်း၊ ရေဖျန်းရန် ကြိုတင်တွင်းတူးတွင်းဖော်ရခြင်းများ ကြိုတင် လုပ်ဆောင်ထားရကြောင်း၊ စိုက်ပျိုးချိန် ပျိုးနုတ်ရန်အလုပ်သမား၊ အလုပ်သမားငှားရမ်းရ ခြင်း၊ စိုက်ပျိုးဖို့ အလုပ်သမအမြောက်အများငှား စိုက်ရခြင်းများက ကြက်သွန်စိုက်ပျိုးသူ များ ငွေကုန်ကြေးကျများ သည့်လုပ်ငန်းဖြစ်သော်လည်း နှစ်စဉ်နှစ်တိုင်း စိုက်နေကြဖြစ်နေခြင်းက ကြက်သွန်စိုက်သမားများ နှစ်စဉ်စိုက်ပျိုးစေကြောင်း ညောင်ဖြူပင်ကျေးရွာ ဦးမင်းသိန်းက ရှင်းပြသည်။ ဆောင်းကြက်သွန်နီဈေးနှုန်းများ နှစ်နှစ်ဆက်တိုက်အရှုံးပေါ်ခဲ့သော်လည်း ယခုနှစ်တွင် ဈေးနှုန်းကောင်းမျှော်လင့်နေကြကြောင်း ကြက်သွန်စိုက်ပျိုးတောင်သူများထံကသိရသည်။
ဒီပါလင်း