နေပြည်တော် အောက်တိုဘာ ၁၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားခရိုင်နှင့် လယ်ဝေးခရိုင်တို့တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက် နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများ ပထမအကြိမ် ကပ်ထားကြေညာပေးထားရာ MSME လုပ်ငန်းရှင်များအနေဖြင့် မိမိတို့လုပ်ငန်း အတွင်းရှိ လုပ်သားများ မဲစာရင်းတွင် မကျန်ရှိစေရေး အလေးထားကြည့်ရှုပေးရန် နှင့် MSME လုပ်ငန်းများ အဆင့်မြှင့်တင်ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် ဒက္ခိဏသီရိမြို့နယ် စက်မှုဇုန်စီမံခန့်ခွဲမှု ကောင်မတီရုံး၌ ကျင်းပသည်။
အစည်းအဝေးတွင် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာစဉ် မဲဆန္ဒရှင်များအနေဖြင့် မဲစာရင်း သွားရောက်ကြည့်ရှုပြီး မိမိအမည် မဲစာရင်းတွင် မပါဝင်ပါက ပုံစံ(၃)ဖြင့် မဲစာရင်းတွင် အမည် ထည့်သွင်းပေးရန်လျှောက်ထားခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက် အလက်များမှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ပြီး လိုအပ်သောပုံစံများကို ရပ်ကွက်/ကျေးရွာ အုပ်စုကော်မရှင် အဖွဲ့ခွဲရုံးများတွင် အခမဲ့ရယူနိုင်ပါကြောင်းဆွေးနွေးပြောကြားသည်။
ဆက်လက်၍ နေပြည်တော် MSME အေဂျင်စီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် က ဒေသတွင်း ထွက်ရှိသည့် ထုတ်ကုန်လုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ မြို့နယ်အဆင့် ထုတ်လုပ်သည့် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး MSME ပြပွဲ၊ ပြိုင်ပွဲများကိုလုပ်ငန်းရှင်များ၊ အသင်းဝင်များနှင့်ပေါင်းစပ်၍ ကျင်းပစေလိုကြောင်း၊ စိုက်ပျိုး၊ မွေးမြူရေးကို အခြေခံသည့် သွင်းကုန်အစားထိုး စက်မှုလုပ်ငန်းများနှင့် ပြည်ပတင်ပို့နိုင်သည့် စက်မှုလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်နိုင်ရေး ဈေးကွက်အဆင့်မြှင့်တင်ရန်လိုအပ်ကြောင်း၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကျင်းပသည့် MSME ထုတ်ကုန်ပြိုင်ပွဲများအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြိုင်ပွဲဝင် စည်းမျဉ်းစည်းကမ်းများ၊ နည်းပညာပိုင်းအရ ပံ့ပိုးပေးနိုင်မှု အခြေအနေများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ တင်ပြချက်များနှင့် စပ်လျဉ်း၍ နေပြည်တော် ကောင်စီဝင် ဦးဇေယျာလင်းက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)