သာကေတ အောက်တိုဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင် သာကေတမြို့နယ် ၁၀၈ - တောင် မဟာဗောဓိစွယ်တော်ရှင်စေတီရင်ပြင် မြောက်ဖက်မုခ်အနီးရှိ ဣစ္ဆာသယမေတ္တာအေးရိပ်လွမ်းစေတီ ဘုရားဋ္ဌာပနာထည့်သွင်းပူဇော်ပွဲနှင့် ထီးတော်တင်ပွဲမင်္ဂလာကို အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်းက ကျင်းပသည်။
ဦးစွာ နံနက် ၆ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဝိနယဓရ၊ ဝိနယကောဝိဒ၊ ဒီဃဘာဏက၊ ဒီဃနိကာယဝိဒူ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တ အဂ္ဂသာမိကနှင့် အလှူရှင်များ၊ စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့တို့က စေတီတော်ခေါင်းလောင်းတောင်ဖက်၌ သရီရဓာတ်တော်များကို ဋ္ဌာပနာထည့်သွင်းပူဇော်သည်။ ယင်းနောက် သလင်းစိန်အစစ်ဖြင့် ပူဇော်သည့် စိန်ဖူးတော် (စိန်ဖူးတော်ကိုးလုံး)၊ ရွှေသားစင်စစ်ရတနာကျောက်များဖြင့် ပူဇော်သည့် ငှက်မြတ်နားတော်နှင့် ရွှေထီးတော်တို့အား ဝင်းခင်းကာ လက်ယာရစ် သုံးကြိမ်လှည့်လည်ပူဇော်သည်။ ထို့နောက် နံနက် ၉ နာရီတွင် သလင်းစိန်အစစ်ဖြင့် ပူဇော်သည့် စိန်ဖူးတော် (စိန်ဖူးတော်ကိုးလုံး)၊ ရွှေသားစင်စစ် ရတနာကျောက်များဖြင့် ပူဇော်သည့် ငှက်မြတ်နားတော်နှင့် ဘုံကိုးဆင့်ပါထီးတော်တို့အား သာကေတမြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ(ရွှေကျင်) သာသနဓဇဓမ္မာစရိယ ပိဋကတစ်ပုံဆောင် ဘဒ္ဒန္တဝိဇ္ဇာနန္ဒ (ဝိဇ္ဇာရာမကျောင်းတိုက်) ၁၀ / တောင်ရပ်ကွက်၊ ရပ်ကွက်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ သာသနဓဇဓမ္မာစရိယ ဘဒ္ဒန္တ တေဇိန္ဒ ( ဇေတဝန်ကျောင်း) အလှူရှင်များနှင့် စေတီတော်ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သိန်းနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များက ဆက်ကပ်တင်လှူခဲ့ကြသည်။ ယင်းနောက် သံဃာတော်များက စေတီတော်အား ဗုဒ္ဓဘိသေက အနေကဇာတင်ခဲ့ကြသည်။
ပန်းတင်ခုံအမြင့် ၄ ပေ၊ ပစ္စယာပတ်လည် ၁၇ ပေခွဲ၊ လုံးပတ်တော် ၉ တောင်၊ ဥာဏ်တော်အမြင့် ၉ တောင်၊ ဘုံကိုးဆင့်ရှိ ဣစ္ဆာသယမေတ္တာအေးရိပ်လွမ်းစေတီသည် တကောင်းခေတ်စေတီပုံဖြစ်ပြီး စေတနာရှင်အလှူရှင်များက နိဗ္ဗာန်ကိုမျှော်မှန်း၍ ငွေကျပ်သိန်း ၁၀၀၀ ကျော်ကုန်ကျခံကာ လှူဒါန်းခဲ့ကြသည်။
သဲထက်ဇင်(ပြန်/ဆက်)