တောင်ကြီး အောက်တိုဘာ ၁၂
တောင်ကြီးမြို့ကျက်သရေဆောင် စူဠာမုနိလောကချမ်းသာစေတီတော်ကြီး၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော (၇) ရက်တိုင်တိုင် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲကို အောက်တိုဘာ၁၂ရက် နံနက် (၆) နာရီခွဲက တောင်ကြီးမြို့၊ စူဠာမုနိလောကချမ်းသာစေတီတော်ဓမ္မာရုံ၌ ကျင်းပသည်။
ဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးဦးခွန်သိန်းမောင်က စူဠာမုနိလောက ချမ်းသာစေတီတော်ဓမ္မာရုံရှိ ဗုဒ္ဓမြတ်စွာဘုရားအား ပန်း၊ ရေချမ်း၊ ဆွမ်း၊ ဆီမီးဆက်ကပ်လှူဒါန်း ပြီး ဆရာတော်၊ သံဃာတော်များအား ပြည်နယ်ဝန်ကြီး၊နှင့် တာဝန်ရှိသူများက အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းပေးကြသည်။
ထို့နောက် ဆရာတော်၊ သံဃာတော်ကြီးများနှင့် ပြည်နယ်ဝန်ကြီးအမှူးပြုသောဧည့် ပရိသတ်အပေါင်းတို့က နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး နိုင်ငံတော် သြဝါဒါစရိယ တောင်ကြီးမြို့စွန်းလွန်းဂူကမ္မဋ္ဌာန်းကျောင်းတိုက်ဦးစီးပဓာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ မဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသထံမှ ငါးပါးသီလ ခံယူ ဆောက်တည်၍ ပရိတ်တရားတော်များနာယူကြည်ညိုကြသည်။
တောင်ကြီးမြို့ သိမ်တောင်ကျောင်းတိုက်မှ အရှင်မာဏဝ ကပဋ္ဌာန်းအောင်ဂါထာကို ရွတ်ဖတ်ပူဇော်ပြီး ပြည်နယ်ဝန်ကြီးနှင့်ပြည်နယ်အဆင့်ဌာနဆိုင်ရာများတို့က ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအားလှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။
ဆက်လက်၍ ရှမ်းပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ တောင်ကြီးမြို့၊ သိမ်တောင်ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတဆရာတော် ဘဒ္ဒန္တတေဇဝန္တထံမှ အနုမောဒနာတရားနာယူကြည်ညိုပြီး၊ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေသည်။တောင်ကြီးမြို့အောင်ဗောဓိမြရတနာကျောင်းတိုက်မှ အရှင်ဓမ္မိဿရက နတ်ဗြဟ္မာများအား ပြန်လည်ပို့ဆောင်၍ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းပြီး ရုတ်သိမ်းလိုက်ကြောင်း သိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)