ကချင်ပြည်နယ်ဝန်ကြီးချုပ် ကချင်ပြည်နယ်တရားလွှတ်တော်ရုံး RC (၄)ထပ် အဆောက်အဦသစ် တည်ဆောက်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပြီး မြေနေရာအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား အောက်တိုဘာ ၁၁

ကချင်ပြည်နယ်၏ တရားရေးမဏ္ဍိုင်အတွက် အဓိကကျသည့် ပြည်နယ်တရားလွှတ်တော်ရုံး အဆောက်အဦသစ်ကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း စတင်တည်ဆောက်နိုင်ရေးအတွက် ပြည်နယ်စိုးရအဖွဲ့နှင့် ပြည်နယ်တရားလွှတ်တော်ရုံးတို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၈ ရက် မွန်းလွဲ ၁ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်တရားလွှတ်တော်ရုံး အဆောက်အဦသစ်ရရှိရေးအတွက် မန်ခိန်ရပ်ကွက်၊ ကွင်းအမှတ်(၄/ယောရင် ကွင်း) ဦးပိုင်အမှတ် (၃၅/၂ င၊ ၃၅/၂ စ၊ ဧရိယာ (၂ ဒဿမ ၂၇) ဧကပေါ်တွင် ခေတ်စနစ်နှင့် လျော်ညီပြီး တရားမဏ္ဍိုင်၏ အဓိကအဆောက်အဦအဖြစ် ခန့်ညားထည်ဝါသည့် RC (၄)ထပ် အဆောက်အဦသစ်ကို ရန်ပုံငွေကျပ် (၃၀၀၀၀)သန်းဖြင့် ဆောက်လုပ်သွားမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ တည်ဆောက်သွားမည့် လုပ်ငန်းအစီအမံများနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ကချင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်က တရားလွှတ်တော်ရုံးသစ် တည်ဆောက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားရှိသည့် အစီအစဉ်များကို ရှင်းလင်းပြောကြားပြီး တရားလွှတ်တော်ရုံး တာဝန်ရှိသူများက ဘဏ္ဍာငွေရရှိမှု၊ တင်ဒါအောင် မြင်ခဲ့သည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ တင်ဒါအောင်မြင်သည့် G3 Group Limited တာဝန်ရှိသူက တရားလွှတ်တော်ရုံးသစ် ၂၀၆ ပေ × ၁၅၃ ပေရှိ RC (၄)ထပ် အဆောက်အဦသစ် တည်ဆောက်သွားမည့် အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တက်ရောက်လာကြသည့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက တင်ဒါစနစ်ဖြင့် တည်ဆောက်သည့် လုပ်ငန်းစီမံကိန်းနှင့် စပ်လျဉ်း၍ အလေးထားလိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောက်လုပ်နိုင်ရေး ဖြည့်စွက်အကြံပြုသုံးသပ်ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်း တရားလွှတ်တော်ရုံး အဆောက်အဦသစ် တည်ဆောက်သွားမည့် မြေနေရာသို့ သွားရောက်ခဲ့ကြပြီး အဆောက်အဦတည် ဆောက်နိုင်ရေး မြေယာပြုပြင်ဆောင်ရွက်နေမှုအခြေအနေများနှင့် ဆောင်ရွက်သွားမည့် အသေးစိတ် အစီအစဉ်များ၊ တည်ဆောက်သွားမည့် အစီအစဉ်များအပေါ် ရှင်းလင်းတင်ပြမှုကို ကြည့်ရှုစစ်ဆေးခဲ့ကာ လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် နံနက် ၁၁ နာရီက မြစ်ကြီးနားလေဆိပ်၌ ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အေရိုးဗစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်(၂)ခုရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြသော ကချင်ပြည်နယ်အေရိုးဗစ်အသင်းအား ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

ထိုသို့ ဂုဏ်ပြုကြိုဆိုရာတွင် ပြည်နယ်အေရိုးဗစ်အသင်းအား ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ အားကစားဆပ်ကော်မတီ အသီးသီးမှတာ ဝန်ရှိသူများ၊ လီဆူတိုင်းရင်းသားရိုးရာအကအဖွဲ့၊ ရှမ်းတိုင်းရင်းသားအဖွဲ့၊ Fitness Dance အကအဖွဲ့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းများမှ ကျောင်းသား/ ကျောင်းသူများ၊ ဘင်ခရာအဖွဲ့တို့နှင့်အတူ ဂုဏ်ပြုပန်းကုံး၊ ဂုဏ်ပြုအရုပ်လက်ဆောင်တို့ဖြင့် လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြသည်။

ဆက်လက်၍ လေဆိပ်ဧည့်ခန်းမဆောင်၌ ပြည်နယ်ဝန်ကြီးချုပ်က အောင်ပွဲရ အေရိုးဗစ်အသင်းအား ကချင်ပြည်နယ်အေရိုးဗစ်အသင်းအနေဖြင့် (၉)ယောက်တွဲနှင့် (၃)ယောက်တွဲတို့တွင် ရွှေတံဆိပ် (၂)ခုရရှိခဲ့သည့်အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် (၂)နေရာတွင် ရပ်တည်နိုင်ခဲ့ပြီး ပြည်နယ်အတွက် ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာ အောင်မြင်မှုရရှိအောင် စွမ်းဆောင်ပေးခဲ့ကြသည့် အားကစားသမားများအားလုံးကို ချီးကျူးဂုဏ်ပြုပါကြောင်း ဂုဏ်ပြုပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုကြိုဆိုရာတွင် ပါဝင်ကူညီပေးကြသည့် အကအဖွဲ့များနှင့် ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ်ချီးမြှင့်ရာ အေရိုးဗစ်အသင်းနည်းပြက ပြိုင်ပွဲအတွေ့အကြုံများ၊ ဆုတံဆိပ်ရရှိခဲ့မှုများနှင့် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့အတူ ညပိုင်းတွင်လည်း ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အေရိုးဗစ်ပြိုင်ပွဲတွင် အောင်မြင်မှုရရှိခဲ့သော ပြည်နယ်အေရိုးဗစ်အသင်းနှင့် တင်းနစ်ပြိုင်ပွဲ တွင် အမျိုးသားနှစ်ယောက်တွဲ တတိယဆုနှင့် အမျိုးသမီးအသင်းလိုက် တတိယဆုများ ရရှိခဲ့သော ပြည်နယ်တင်းနစ်အသင်းတို့အား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။

အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က အေရိုးဗစ်အသင်းအနေဖြင့် ရွှေတံဆိပ် (၂)ခု ရရှိခဲ့ပြီး တင်းနစ်အသင်းသည်လည်း အမျိုးသား (၂)ယောက်တွဲနှင့် အမျိုးသမီးအသင်းလိုက် တတိယဆုများကို ရရှိခဲ့ကြသည့်အတွက် ပြည်နယ်သူ/ ပြည်နယ်သားများအားလုံးကိုယ်စား ဂုဏ်ပြု ချီးမြှင့်ခြင်းဖြစ်ပါကြောင်း၊ ယခုဆုတံဆိပ်များဖြင့် တင်းတိမ်မှုမရှိဘဲ ပိုမိုမြင့်မားသော ပန်းတိုင်များထိ ဆက်လက်ကြိုးစားသွားကြရန်နှင့် မိမိတို့အစိုးရအဖွဲ့အနေဖြင့်လည်း ပြည်နယ်၏ ဂုဏ်ကို သယ်ပိုး ဆောင်ရွက်ကြမည့် လူငယ်အားကစားသမား များစွာ ပေါ်ထွန်းလာစေရေး လိုအပ်သော အထောက် အပံ့များကို ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ဂုဏ်ပြုပြောကြားသည်။

ဆက်လက်၍ အေရိုးဗစ်အသင်းနည်းပြနှင့် တင်းနစ်အသင်း နည်းပြတို့က ပြိုင်ပွဲအတွေ့အကြုံ များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ရွှေတံဆိပ် (၂)ဆုအတွက် ငွေကျပ်သိန်း ၂၀ ၊ အနိုင်ရရှိသည့် ပြိုင်ပွဲ (၅)ပွဲအတွက် ၂၅ သိန်း၊ အုပ်ချုပ်သူ၊ နည်းပြနှင့် ဒိုင်တို့အတွက် ငွေကျပ် ၉ သိန်းကို လည်းကောင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီးက တင်းနစ်ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆု (၂)ဆုအတွက် ငွေကျပ် ၁၀ သိန်း၊ အနိုင်ရရှိသည့် ပြိုင်ပွဲ (၅)ပွဲအတွက် ငွေကျပ်သိန်း ၂၀ နှင့် အုပ်ချုပ်သူ၊ နည်းပြများအတွက် ငွေကျပ် ၁၀ သိန်းကို လည်းကောင်း စုစုပေါင်းချီးမြှင့်ငွေကျပ် ၉၄ သိန်းနှင့် အသေးစား၊ အလတ်စားစက်သုံးဆီလုပ်ငန်းရှင်များအသင်းနှင့် လုပ်ငန်းရှင်များက စုစုပေါင်းငွေကျပ်သိန်း ၄၀ ကို လည်းကောင်း အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြရာ လက်ရွေးစင်အုပ်ချုပ်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများက ဆုရအေရိုးဗစ်အသင်းက လေ့ကျင့်ပြသမှုများ၊ မလိခ Music ၏ တေး သီချင်းသီဆို ဖျော်ဖြေမှုများဖြင့် ဂုဏ်ပြုညစာဖြင့် ရင်းနှီးနွေးထွေးစွာ အတူတကွသုံးဆောင်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)