မိုးကောင်းကျေးရွာ ဆုတောင်းပြည့်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် ဆွမ်းကြီးလောင်းပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ

သထုံ  အောက်တိုဘာ  ၁၁

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မိုးကောင်းကျေးရွာ၊ ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းနံဘေး၌ တည်ထားသည့် မိုးကောင်း ဆုတောင်းပြည့်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ်အဖြစ် သံဃာတော်နှင့် သီလရှင်များအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်များ ဆက်ကပ်လောင်းလှူခြင်းကို အောက်တိုဘာ  ၁၁ ရက်နေ့ နံနက်က စေတီတော်အနီး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

နံနက် အရုဏ်တက်ချိန်မှစတင်ကာ သထုံမြို့နယ်အတွင်းရှိ ကျောင်းတိုက်အသီးသီးတို့မှ ကြွရောက်တော်မူလာကြသည့် သံဃာတော်များအား ဆွမ်းကြီးလောင်းပွဲတော်ဖြစ်မြောက်ရေး ဦးဆောင်အဖွဲ့မှ ဆွမ်းဆက်ကပ်ကြပြီးနောက် မိုးကောင်းကျေးရွာနှင့်အနီးဝန်းကျင်ကျေးရွာတို့မှ ပြည်သူအပေါင်းတို့က သံဃာတော်နှင့် သီလရှင် (၆၀၀)ကျော်တို့အား ဆွမ်းဆန်စိမ်းနှင့် အခြားလှူဖွယ်များကို စီတန်းလောင်းလှူခြင်း၊ စာရေးတံမဲများ ဆက်ကပ်လှူဒါန်းခြင်းတို့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် သီတင်းကျွတ်လပြည့်ကျော် ၅ ရက်နေ့ ၌ ကျင်းပပြုလုပ်မြဲဖြစ်ပြီး နံနက်ပိုင်းတွင် စုပေါင်းဆွမ်းကြီးလောင်းလှူခြင်း၊ မွန်းလွဲပိုင်းတွင် စေတီတော်မြတ်ကြီးအား ရွှေကြာသင်္ကန်းတော်များ ဆက်ကပ်ခြင်းတို့ဖြင့် စည်ကားသိုက် မြိုက်စွာ ကျင်းပလေ့ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)