မြစ်ကြီးနား အောက်တိုဘာ ၁၁
ကချင်ပြည်နယ်အတွင်းမှ ဖူဆယ်ဘောလုံးမျိုးဆက်သစ်အားကစားများ ပေါ်ထွန်းလာစေရေး ရည်ရွယ်ကျင်းပပြုလုပ်သည့် ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၁၅)နှစ်အောက် အမျိုးသား ကလပ်ပေါင်းစုံ ဖူဆယ်ဘောလုံးလိဂ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ငြိမ်းချမ်းသာယာဖူဆယ်အားကစားရုံ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်ဖွင့်လှစ်ပေးသည်။
အဆိုပါ ဖူဆယ်လိဂ်ဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယခုလို အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်းအားဖြင့် လူငယ်များ၏ ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းမှုများကို ပြုလုပ်ပေးနိုင်သကဲ့သို့ စိတ်ဓာတ်ရေးရာ ပျံ့လွင့်မှုမရှိစေဘဲ အတွေးအခေါ်ကောင်းများ၊ လူမှုဆက်ဆံရေး ပတ်ဝန်းကျင်ကောင်းများကို ဖန်တီးပေးနိုင်စွမ်းရှိသည့်အတွက် ပြိုင်ပွဲများကို စဉ်ဆက်မပြတ်ကျင်းပနိုင်ရေး လိုအပ်သည်များကို ပံ့ပိုးပေးနေခြင်းပင်ဖြစ်ပါကြောင်း၊ ဒါအပြင် ကချင်ပြည်နယ်၏ ဖူဆယ်အားကစားနည်း အဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရေး မျိုးဆက်သစ်များ စဉ်ဆက်မပြတ်မွေးထုတ်ပေးနိုင်ရေး ရည်ရွယ်ကျင်းပခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယခုပြိုင်ပွဲကြီးမှ တစ်ဆင့်အောင်မြင်သည့် အနာဂတ်ကိုပိုင်ဆိုင်ကြသည့် လူငယ်များဖြစ်ကြရန် ကြိုးစားကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပြိုင်ပွဲဝင်ဘောလုံးအသင်း (၁၅)သင်းတို့မှ နည်းပြနှင့် အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့ကြပြီး ပြည်နယ်အေရိုးဗစ်အသင်း အပါအဝင် အကအဖွဲ့များ၏ ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ဘောလုံးပြိုင်ပွဲအတွက် ချီးမြှင့်ငွေကျပ်(၂၅)သိန်းနှင့် ဖျော်ဖြေရေးအဖွဲ့များအတွက် ချီးမြှင့်ငွေကျပ် (၁၅)သိန်းတို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ ဖူဆယ်လိဂ်ပြိုင်ပွဲအဖြစ် Lucky FC နှင့် Every One FC အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် လယ်ကုန်း(ဇီးအွန်)ရပ်ကွက်အတွင်းရှိ OMF လီဆူယာယီတိမ်းရှောင်စခန်းသို့ သွားရောက်ခဲ့ကြပြီး စခန်းနေမိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက စခန်းနေအိမ်ထောင်စု (၅၅)စုတို့အတွက် ဆန် (၂၄)ပြည်ပါအိတ် (၅၅)အိတ်၊ ဆီ (၅၅)ပိဿာ၊ ကြက်ဥ ၁၁၀၀ လုံးတို့အား အသီးသီးထောက်ပံ့ပေးအပ်ကြရာ စခန်းတာဝန်ခံတစ်ဦးက ကျေးဇူးတင်စကားနှင့် စခန်းနေမိသားစုများအတွက် လုံခြုံစွာနေထိုင်နိုင်ရေး မိုးကာလိုအပ်ချက်များနှင့် ကလေးများစာကျက်ချိန်တွင် လျှပ်စစ်မီးရရှိရေး၊ သောက်သုံံးရေချိုးရေ စသည့် လိုအပ်ချက်များကို တင်ပြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း ယာယီတိမ်းရှောင်မိသားစုများ အမိုးအကာဖြင့် လုံခြုံစွာနေထိုင်နိုင်ရေး၊ စားသောက်မှုအဆင်ပြေစေရေးတို့အတွက် စဉ်ဆက်မပြတ် ထောက်ပံ့ပေးလျက်ရှိသည့်အပြင် နိုင်ငံတော်မှလည်း ထောက်ပံ့ငွေများကို ပံ့ပိုး ပေးလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ မိသားစုများအနေဖြင့် လိုအပ်ချက်များဖြစ်ပေါ်ပါက အချိန်နှင့် တစ် ပြေးညီ တင်ပြကြရန်နှင့် မိမိတို့အနေဖြင့် လိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း အားပေးပြောကြားပြီး စခန်းအတွင်း အိမ်ထောင်စုများ၏ လိုအပ်ချက်များကို ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)