မူဆယ် အောက်တိုဘာ ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာ့အီလက်ထရောနစ်မဲပေးစက်(MEVM)အကြောင်း အသိပညာပေးရှင်းလင်းခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်၊ မောက်ကိုဆွဲ့ခန်းမ(၂)တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လင်းနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဇာနည်မြင့်ထွန်းတို့က မြန်မာ့အီလက်ထရောနစ်မဲပေးစက်(MEVM)နှင့် ပတ်သက်၍ ကိုင်တွယ်အသုံးပြုပုံနှင့် မဲဆန္ဒရှင်ပြည်သူများ ကိုယ်တိုင်စနစ်တကျ မဲပေးပုံအဆင့်ဆင့်ကို ရှင်းလင်းခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။ မဲဆန္ဒရှင်ပြည်သူများက သိလို၍မေးမြန်းသည်များကို ပြန်လည်ဖြေကြားပေးခဲ့သည်၊၊ ဆက်လက်၍ တက်ရောက်လာသော မဲဆန္ဒရှင်ပြည်သူများက လွှတ်တော်အသီးသီးတွင် ကိုယ်တိုင်မဲပေးခြင်းကို လက်တွေ့ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လင်း၊ နိုင်ငံရေးပါတီကိုယ်စားလှယ်များ၊ ခရိုင်ဆင့်/ မြို့နယ်ဆင့် ကော်မရှင်အဖွဲ့ဝင်များနှင့် ရက်ကွက်နေ မဲဆန္ဒရှင်ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
ချယ်ရီမြေ(မူဆယ်)