နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး လယ်ဝေးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများ၌ မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာထားရှိမှုအား ကြည့်ရှုအားပေး

လယ်ဝေး အောက်တိုဘာ ၁၁

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် အောက်တိုဘာ ၉ ရက်နေ့ညနေပိုင်းက လယ်ဝေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ၍ မဲစာရင်းများမှန်ကန်စေရေး၊ မဲဆန္ဒရှင်များ နေ့စဉ်လာရောက်ကြည့်ရှုရေး မိမိတို့ရပ်ကွက်/ကျေးရွာများသို့ နှိုးဆော်ပေးရန်မှာကြားသည်။ လယ်ဝေးမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက် နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများအား ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ပထမအကြိမ် ကပ်ထားကြေညာပေးထားမှုများကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် လယ်ဝေးမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူရနှင့် ကော်မတီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ အမှတ်(၄)ရပ်ကွက်၊ ကော်မရှင်အဖွဲ့ခွဲရုံးတွင် မဲဆန္ဒရှင်စာရင်းကပ်ထားကြေညာမှုအား ကြည့်ရှုကာ ရပ်ကွက်နေပြည်သူများ မဲစာရင်းလာရောက်ကြည့်ရှုရန် အသိပေးနှိုးဆော်ခြင်း လုပ်ငန်းကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးရန် မှာကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ် နောင်ဘိုကျေးရွာနှင့် သပြေပင်ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ကြေညာထားရှိမှုများအား ကြည့်ရှုအားပေး၍ လာရောက်ကြည့်ရှုသည့် ကျေးရွာပြည်သူများအား တွေ့ဆုံကာရင်းရင်းနှီးနှီးနှုတ်ဆက်၍ အခြားမိသားစုဝင်များပါ လာရောက်ကြည့်ရှု၍ လိုအပ်သည်များကို OSS စနစ်ဖြင့် အမြန်ဆုံးကူညီဖြေရှင်းပေးရန် တာဝန်ရှိပုဂ္ဂိုလ်များအား မှာကြားခဲ့သည်။ ထို့နောက် နေပြည်တော်ကောင်စီဝင်သည် သပြေပင်ကျေးလက်ကျန်းမာရေးဌာနခွဲသို့ ရောက်ရှိရာ တာဝန်ခံကျန်းမာရေးဝန်ထမ်းမှ  အပတ်စဉ်၊ လစဉ်ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများအား ရှင်းလင်းတင်ပြပြီး နေပြည်တော်ကောင်စီဝင်က ကျေးလက်နေပြည်သူများ ယုံကြည်အားကိုး အားထားရသည့် ကျန်းမာရေးစောင့်ရှောက်မှုများပေးရန် မှာကြားခဲ့သည်။ လိုအပ်သည်များကို သက်ဆိုင်ရာဌာနများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင်သည် လယ်ဝေးမြို့နယ်၊ အေလာတိဏ္ဏ ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိပြီး ကျောင်းထိုင်ဆရာတော်အား ဖူးမျှော်ကြည်ညိုကာ နဝကမ္မအလှူငွေနှင့် ရေသန့်စက်တစ်လုံး လှူဒါန်းခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)