ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့ သန့်ရှင်းသာယာလှပရေး အထူးသန့်ရှင်းရေး ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေး

စစ်တွေ အောက်တိုဘာ ၁၁

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ သန့်ရှင်းသာယာလှပရေးအတွက် အထူးသန့်ရှင်းရေး ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်အဖွဲ့သည် စစ်တွေမြို့၊ လုပ်ကွက် အမှတ်(၁)၊ ရဲနွယ်စုရပ်ကွက်၊ မေယုလမ်း၌ အထူးသန့်ရှင်းရေးအဖွဲ့မှ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်မိုးက စစ်တွေမြို့၊ သန့်ရှင်းသာယာလှပရေးအတွက် အထူးသန့်ရှင်းရေး ဆောင်ရွက်မှုကို လုပ်ကွက်(၅)ကွက်ခွဲ၍ လမ်းအလိုက်ဆောင်ရွက်မည့် စီမံချက်များ၊ ယာယီနေရပ်စွန့်ခွာ စုရပ်များမှ ပြည်သူများအား အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရေး ဆောင်ရွက်ထားရှိမှုများ စသည့်ကဏ္ဍများကို ရှင်းလင်းတင်ပြရာ ပြည်နယ်သယံဇာတရေးရာဝန်ကြီးက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လုပ်သားအင်အား ရရှိမှုအပေါ် လမ်းအလိုက် သန့်ရှင်းသာယာလှပရေး၊ ရပ်ကွက်နေပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေး စနစ်တကျ ဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။ ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကန်တော်ကြီးရပ်ကွက်၊ ရန်ကုန်-စစ်တွေ အဝေးပြေးကား လမ်းမကြီးတစ်လျောက် သန့်ရှင်းရေး ဆောင်ရွက်နေမှုအားလည်းကောင်း၊ မင်းဂံရပ်ကွက် ဆင်းလမ်းတို့အား သန့်ရှင်းရေးဆောင်ရွက်နေမှု အားလည်းကောင်း၊ အောက်မိုးကုတ်ကျောင်း ဆင်းလမ်းတို့အား သန့်ရှင်းရေးဆောင်ရွက်နေမှုတို့အားလည်းကောင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။ အလားတူ ဌာနဆိုင်ရာရုံးများတွင် ဝန်ထမ်းများကလည်း မိမိတို့ရုံးဌာနအလိုက် ရုံးတွင်း ရုံးပြင်သန့်ရှင်း သာယာလှပရေးဆောင်ရွက်လျက်ရှိကြသည်။

ထိုသို့ သန့်ရှင်းရေးဆောင်ရွက်ရာတွင် အဆိုပါလမ်းများ၏ လမ်းဘေးဝဲယာရှိ ချုံနွယ် ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ရေနှုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေး ဆောင်ရွက်ခြင်းစသည်တို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

တင်ထွန်း (ပြန်/ဆက်)