ရန်ကုန် အောက်တိုဘာ ၁၁
ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်ဝင်းအတွင်းရှိ ရန်ကုန်ကွန်ဗင်းရှင်းစင်တာ ပြပွဲခန်းမတွင် မြန်မာ-ဗီယက်နမ် ကုန်စည်ပြပွဲ ၂၀၂၅ ကို အောက်တိုဘာလ (၁၀) ရက်မှ အောက်တိုဘာလ (၁၂) ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
အဆိုပါပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉း၃၀ တွင် အထက်ဖေါ်ပြပါ ပြပွဲခမ်းမတွင် ပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဗီယက်နမ်သံရုံးမှ စီးပွားရေးသံမှူးနှင့် တာဝန်ရှိသူများ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ ပြပွဲဖြစ်မြောက်ရေး ပါဝင်ကူညီပံ့ပိုးပေးကြသော မြန်မာဗီယက်နမ်ချစ်ကြည်ရေးအသင်း၊ မြန်မာနိုင်ငံ ပဲ ပြောင်း နှမ်း ကုန်သည်အသင်း၊ မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်ရောင်းချသူများအသင်းနှင့် အခြားအသင်းအဖွဲ့များ၊ sponsor အဖြစ် ကူညီပံ့ပိုးပေးသော Mytel အောင်ဘာလေ၊ TV 360 by Mytel နိုင်ငံတကာစီးပွားရေး မြှင့်တင်ရေးဌာန (IBPC)၊ မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI)၊ မြန်မာနိုင်ငံခရီးသွားဘဏ်၊ မဟာ ရုပ်သံလိုင်း နှင့် အခြား ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။
ပြပွဲတွင် မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ကုန်ပစ္စည်းများကို ပြခန်းပေါင်း (၁၂၀) ခန့်ဖြင့် ကုန်ပစ္စည်းအမှတ်တံဆိပ်ပေါင်း (၁၀၀) ကျော်ကို ပြသခဲ့ကြေင်း သိရှိရပါသည်။ ဤနှစ်တွင် ခရီးသွားလုပ်ငန်းနှင့် ခရီးသွားဝန်ဆောင်မှုကဏ္ဍကိုပါ တိုးချဲ့ပြသထားပြီး Travel Vietnam Pavilion (ဧရိယာ ၇၂ စတုရန်း မီတာ)တွင် မြန်မာနှင့် ဗီယက်နမ်မှ ခရီးသွားကုမ္ပဏီကြီး ၈ ခုမှ ခရီးသွားအစီအစဉ်များ၊ လေယာဉ်လက်မှတ်များနှင့် ခရီးသွားဝန်ဆောင်မှုများကို ပြသထားပါသည်။ မြန်မာ ဗီယက်နမ် ကုန်စည်ပြပွဲတွင် စားသောက်ကုန်၊ လူသုံးကုန်၊ စက်မှုနှင့် အိမ်သုံးမီးအားမြှင့်စက်များ၊ ကြွေထည်နှင့် မီးဖိုချောင်သုံး ပစ္စည်းအမျိုးမျိုး၊ ဖိနပ်၊ အိုင်တီနည်းပညာများ၊ ဆိုလာ၊ အင်ဗာတာ၊ ဘတ်ထရီ၊ ကော်ဖီ၊ ဖက်ရှင်အဝတ်အစားများ၊ လယ်ယာထွက်ကုန် ပစ္စည်များနှင့် လက်မှုအနုပညာ ပစ္စည်းများကို ပြသခဲ့သည်။ ထို့အပြင် ဗမာတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းနှင့် မြန်မာအမျိုးသမီးစီးပွားရေးလုပ်ငန်းရှင် ကွန်ယက် (MYANWAN) ၏ MSMEs လုပ်ငန်းများမှနာမည်ကြီး ပြည်တွင်းထုတ်ကုန်များနှင့် ထုတ်ကုန်အသစ်များကို ပြခန်း ၁၂၀ခန့်ဖြင့် ပြသခဲ့သည်။
အဆိုပါပြပွဲကို မြန်မာနိုင်ငံကုန်စည်ပြပွဲနှင့် ဆွေးနွေးပွဲများဆိုင်ရာ လုပ်ငန်းအသင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံရုံး စီးပွားရေးဌာနတို့မှ ပူးပေါင်းကျင်းပခြင်း ဖြစ်ကြောင်း သိရှိရသည်။
ကျော်ဆန်းမြင့်