ဝါလကင်းလွတ်အခါသမယ သီတင်းကျွတ်လပြည့်ကျော်(၅)ရက် မိုးကောင်းမြို့၏ တစ်မူထူးခြား သည့်ဓလေ့ တောင်ပေါ်ဘုရားဖူးနေ့ ဘုရားဖူးသူများစည်ကား

မိုးကောင်း အောက်တိုဘာ ၁၁

ဝါလကင်းလွတ်အခါသမယ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၏ တစ်မူထူးခြားသည့် မြို့ဓလေ့ တောင်ပေါ်ဘုရားဖူးနေ့ဖြစ်သည့် သတင်းကျွတ်လပြည့်ကျော် (၅)ရက် အောက်တိုဘာ ၁၁ ရက်နေ့က တောင်ပေါ်ဘုရားဖူးသူများစည်ကားလျက်ရှိကြောင်း သိရသည်။

မိုးကောင်းမြို့တွင် သီတင်းကျွတ်လပြည့်ကျော်(၁)ရက်မှ (၅)ရက်သည် တစ်မူထူးခြားသည့် မြို့ပေါ်၊ ကျေးရွာနှင့် တောင်ပေါ်ဘုရားဖူးသည့် အလေ့အထတစ်ခုအဖြစ် နှစ်စဉ် ကျင်းပခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။

မြို့၏အရှေ့ဘက် အာယုဒီဃတောင်ပေါ်ရှိ ကမ္ဘာ့ငြိမ်းချမ်းရေးစေတီ၊ ဝေပုလတောင်ပေါ်ရှိ တပ်ဦးကျောင်းတိုက်၊ ပုလွေတောင်ပေါ်ရှိ လေးကျွန်းမာန်အောင်ရွှေတိဂုံပုတူဘုရားနှင့် အဆိုပါ တောင်ပေါ်များရှိစေတီငယ်များကို မြို့ပေါ်နှင့်ကျေးရွာအသီးသီးတို့မှ ဗုဒ္ဓဘာသာဝင်ပြည်သူ အပေါင်းတို့က မိသားစုများဖြင့်သော်လည်းကောင်း၊ ကား၊ ဆိုင်ကယ်၊ စက်ဘီး၊ ဆိုက္ကား စသည့်ယာဉ်မျိုးစုံ ဖြင့်လာရောက်ဖူးမျှော်ကန်တော့ကြခြင်းဖြစ်သည်။

ထိုသို့လာရောက်ကန်တော့ကြရာတွင် အချို့က အလှူရှင်များ၏ ကြာဇံချက်၊ ဖျော်ရည်နှင့် ထမင်းမျိုးစုံ စတုဒီသာကျွေးမွေးဧည့်ခံမှုတို့ကို သုံးဆောင်ကြပြီး အချို့က မိမိအစီအစဉ်ဖြင့် အိမ်မှပြင်ဆင်လာသောအစားအစာများကို တောင်ပေါ်ဘုရားရှိဆောင်းတန်းများ၊ ထည်ဝါသော သစ်ပင်အရိပ်တို့၌စားသောက်ပြီး အနားယူအပန်းဖြေကြကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)