ချမ်းမြသာစည် အောက်တိုဘာ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်း/တောင်ရပ်ကွက်၊ ရန်မန်းသံလမ်းနှင့် ၇၈ လမ်းကြားရှိ အမှတ် (၃၄) အခြေခံပညာအထက်တန်းကျောင်းတွင် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲနှင့်ပတ်သက်၍ မဲဆန္ဒရှင် စာရင်းများ ကပ်ထားကြေညာထားရှိမှုနှင့် ပြည်သူများမှ မဲစာရင်းတွင် မိမိအမည်စာရင်း ပါ/မပါ မြေပြင်ကွင်းဆင်း တိုက်ဆိုင်စိစစ် ဆောင်ရွက်နေမှုများအား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများမှ ယနေ့နံနက်ပိုင်းက လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
ချမ်းမြသာစည်မြို့နယ်အနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် မြို့နယ်မြေပြင် ကွင်းဆင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ၏ ကြီးကြပ်မှုဖြင့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းကျန်ရှိမှု မရှိစေရေး မဲစာရင်းတိုက်ဆိုင်စစ်ဆေးခြင်း၊ မဲစာရင်းတွင်ပါ၀င်မှု ရှိ၊ မရှိ စိစစ်ဆောင်ရွက်ခြင်း စသည်တို့ကို သက်ဆိုင်ရာပုံစံများဖြင့် ရေးသွင်းခြင်း၊ လျှောက်ထားခြင်း၊ မှတ်ပုံတင်မရှိသူများ၊ အိမ်ထောင်စုဇယား မရှိသူများ စသည်တို့ကိုလည်း စနစ်တကျ စိစစ်ဆောင်ရွက်ပေးခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ လုပ်ငန်းစဉ်များ ကွင်းဆင်းဆောင်ရွက်ရာသို့ မန္တလေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကာ လိုအပ်သည်များ လမ်းညွှန်မှာကြား၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ချမ်းမြေ့ (ချမ်း/စည်)