မိုးညှင်းတက္ကသိုလ်၌ သိပ္ပံဘာသာရပ်များနှင့် ဝိဇ္ဇာဘာသာရပ်များမှ သုတေသနစကားဝိုင်း ဆွေးနွေး

မိုးညှင်း အောက်တိုဘာ ၁၁

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်တွင်ပြုလုပ်သည့် သိပ္ပံဘာသာရပ်များနှင့် ဝိဇ္ဇာဘာသာရပ်များမှ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာဆရာမများအား သုတေသနစကားဝိုင်း ဆွေးနွေးပွဲကို အောက်တိုဘာ (၁၀)ရက် မွန်းလွဲ(၁)နာရီက တက္ကသိုလ်ရတနာခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် တက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာနိုင်နိုင်လတ်က အဖွင့်အမှာ စကားပြောကြားရာ အဆင့်မြင့်ပညာကဏ္ဍတွင် သင်ကြားရေးနှင့် သုတေသနလုပ်ငန်းသည် အရေးကြီးပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနလုပ်ငန်းကဏ္ဍသည် တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ဆွေးနွေးပွဲတွင် ပထမဦးစွာအနေဖြင့် သိပ္ပံဘာသာရပ်၏ သုတေသနစကားဝိုင်းကို ကျင်းပရာ ရူပဗေဒဘာသာရပ်မှ ပါမောက္ခ (ဌာနမှူး) ဒေါက်တာကျော်ကျော်ဝင်း ဦးဆောင်သည့် သိပ္ပံဘာသာရပ်များမှ ဆရာဆရာမများက Importance of Research and Benefits of Integrated Research ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဝိဇ္ဇာဘာသာရပ်သုတေသန၏စကားဝိုင်းတွင် ပထဝီဝင်ဘာသာရပ်မှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာဘိုဘို ဦးဆောင်သည့် ဝိဇ္ဇာဘာသာရပ်များမှ ဆရာ၊ ဆရာမများက Research and Development in Humanity and Social Science ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးကြပြီးနောက် တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများက ၎င်းဆွေးနွေးမှုအပေါ် သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ရွှေမိုးညှင်း