ကိုကိုးကျွန်း အောက်တိုဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ကိုကိုးကျွန်းမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့်ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များပျက်ဆီးဆုံးရှုံးမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ်မီးသတ်ဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေးနှိုးဆော်ခြင်းနှင့် စစ်ဆေးခြင်းများကို မြို့နယ် ဒုဦးစီးမှူး ဦးအောင်နေလင်း၊ လက်ထောက်မီးသတ်ဦးစီးမှူး ဦးမြဝင်းနှင့် တပ်ဖွဲ့ဝင်များက အောက်တိုဘာ ၉ ရက်နေ့ နံနက် (၉)နာရီအချိန်တွင် တစ်အိမ်တက်ဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လိုက်လံနှိုးဆော် စစ်ဆေးရာတွင် မီးကိုပေါ့ဆစွာ အသုံးပြုသူတစ်ဦး တစ်ယောက်၏ ပေါ့ဆမှုကြောင့် မီးဘေးအန္တရာယ်ဆိုးနှင့် မကြုံတွေ့ရလေအောင် မီး သတ်တပ်ဖွဲ့ဉပဒေ (၁/၉၇)အရ ထုတ်ပြန်ထားသော မီးဘေးသတိပြု နှိုးဆော်ချက်များအား လိုက်နာဆောင်ရွက်ကြရန်၊ မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက မီးသတ်ဆေးဘူးကိုင်တွယ်အသုံးပြုပုံများကို လက်တွေ့ပြသပေးခြင်း၊ ရုံးဌာန အဆောက်အဦးများနှင့် အိမ်တိုင်းတွင် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ ပြုလုပ်ထားရှိရန် အိမ်တိုင်း၊ အိမ်တိုင်းတွင် ရေအိုး၊ရေကန်၊ရေပေပါများအား ရေအပြည့် ဖြည့်ထားရန်၊ မီးဖိုနှင့် ထရံကြားတွင် မီးမလောင်နိုင်သော သွပ်ပြား၊ သံပြားဖြင့် ကာရံထားရန် မီးဖိုနှင့် အမိုးအား အနည်းဆုံး ၅ ပေ အကွာတွင်ထားရှိရန် ၊ဟောင်းနွမ်းနေသော လျှပ်စစ်ဝိုင်ယာကြိုးများအား အသုံးမပြုကြရန်၊ မီးသုံးစွဲမှုအား နံနက်(၄)နာရီမှ (၁၀)နာရီထိ တစ်ကြိမ်၊ညနေ(၄)နာရီမှ ည(၈)နာရီထိ ချက်ပြုတ်သုံးစွဲရန် စသည့်အချက်များအား မီးသတ်ဦးစီးဌာနမှ လိုက်လံနှိုးဆော်ခဲ့ပြီး တစ်အိမ်တက်ဆင်းမီးဘေးအန္တရာယ် မဖြစ်စေရန်ကြိုတင်ကာကွယ်ခြင်းများအားအသိပညာပေးဆောင်ရွက်ခဲ့ကြောင်းနှင့် ထိုသို့မီးဘေး အန္တရာယ်အသိပညာပေးဆောင်ရွက်ခြင်းကို မြို့နယ်မီးသတ်တပ်ဖွဲ့မှ အပတ်စဉ်ပုံမှန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
ထွန်းထွန်းဇော်(ပြန်ဆက်)