သုံးခွ အောက်တိုဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြထားရှိမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို အောက်တိုဘာ ၉ ရက် နံနက် ၁၀ နာရီက သုံးခွမြို့နယ် အတွင်းရှိ ဆေးဆိုင်များတွင် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သုံးခွမြို့နယ်တွင် ကလေးငယ်များနှင့်သက်ကြီးဘိုးဘွားများ အာဟာရဖြည့်စွက်စာများ စားသုံးရာတွင် ကျန်းမာရေးနှင့်ညီညွတ်စေရန်အတွက် ကလေးအာဟာရဖြည့်စွက်စာ အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပါရှိမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ထိုသို့စောင့်ကြည့်စစ်ဆေးရာတွင် ပိုမိုစနစ်တကျဖြစ်စေရန်နှင့် ထိရောက်မှုရှိစေအတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးရန် ဦးစားပေးကုန်စည်အမျိုးအစား (၁၀)မျိုးဖြစ်သည့် စည်သွပ်အစားအစာအမျိုးမျိုး၊ သွားတိုက်ဆေး အမျိုးမျိုး၊ စားသုံးဆီအမျိုးမျိုး၊ အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုး၊ ငရုပ်ဆီနှင့်အချဥ်ရေနှင့် အချိုရေအမျိုးမျိုး၊ အလှကုန်ပစ္စည်းအမျိုးမျိုး(၁၀ဂရမ်နှင့်အထက်)၊ ကလေးအာဟာရ ဖြည့်စွက်စာအမျိုးမျိုး၊ အသင့်သောက်အချိုရေအမျိုးမျိုး၊ အသင့်စားမုန့်အမျိုးမျိုး၊ ဆပ်ပြာခဲ အမျိုးမျိုးတို့အား သတ်မှတ်ကာလများအတိုင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ကျန်းမာရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။
စည်သူလင်း(ပြန်/ဆက်)