ညောင်ဦး အောက်တိုဘာ ၁၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ အောက်တိုဘာ ၁၀ ရက်နေ့ နံနက် ၁၀ နာရီက ဆေးလိပ်ငွေ့ကင်းစင် ပုဂံရှေးဟောင်း ယဉ်ကျေးမှုဒေသတစ်ခွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ဆေးလိပ်ငွေ့ကင်းစင်ကြီးကြပ်ရေး နာယက၊ ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပုဂံရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးညီမွန်းက ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသ ဆေးလိပ်ငွေ့ကင်းစင်နယ်မြေ ဆေးလိပ်ငွေ့ကင်းစင် (၁၀၂)နေရာ ထူထောင်ထားသည့် ဌာနဆိုင်ရာရုံးများ၊ ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ အခြေခံပညာကျောင်များနှင့် ရှေးဟောင်းဘုရား၊ စေတီ၊ ပုထိုးများ၊ သာသနိက အဆောက်အအုံများဆေးလိပ်ငွေ့ ကင်းစင်နေရာများအား Power Point ဖြင့်ရှင်းလင်းတင်ပြသည်။ ညောင်ဦးခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါက်တာရွှေစင်ထိုက်က ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသတွင် ဆေးလိပ်ငွေ့ကင်းစင်ရေးလုပ်ငန်း တိုးတက်မှုများအား Power Point တင်ပြသည်။ ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသတစ်ခွင် ဆေးလိပ်ငွေ့ကင်းစင်စေရန် စတင်အကောင်အထည်ဖော်ခဲ့သည့် ၂၀၁၉ ခုနှစ် ၊ ဇန်နဝါရီလ (၂၉)ရက်မှ(၃၀)ရက်နေ့အထိ မန္တလေးမြို့ ရွှေနိုင်ငံဟိုတယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပြည်သူ့ ကျန်းမာရေးဖောင်ဒေးရှင်းတို့ ပူးပေါင်းဆောင်ရွက်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ဆေးလိပ်ငွေ့ကင်းစင်ရေး စီမံချက်လုပ်ငန်းသုံးသပ်ဆွေးနွေးပွဲကျင်းပခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၁၅)ရက်မှ(၁၆)ရက်နေ့ထိ ညောင်ဦးမြို့နယ် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၊၌ ဆေးလိပ်ငွေ့ကင်းစင် အလုပ်ရုံဆွေးနွေးပွဲကျင်းပခဲ့ကာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ဆေးလိပ်ငွေ့ကင်းစင်နေရာ(၄၈)နေရာ၊ ၂၀၁၉ ခုနှစ် ဇွန်လ ၂၈ ရက်နေ့တွင် ဒုတိယအကြိမ် ဆေးလိပ်ငွေ့ကင်းစင်ရေး ဒုတိယအကြိမ်အလုပ်ရုံဆွေး နွေးပွဲထပ်မံကျင်းပခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၁၂ ရက်နေ့တွင် ဆေးလိပ်ငွေ့ကင်းစင် (၅၆)နေရာ၊ ၂၀၁၉ ခုနှစ် အောက်တိုဘာ (၃)ရက်မှ (၄) ရက်နေ့ထိ မင်္ဂလာသီရိ ဟိုတယ်၌ နေပြည်တော် ဆေးလိပ်ငွေ့ကင်းစင် အလုပ်ရုံဆွေးနွေးပွဲ ထပ်မံကျင်းပခဲ့ကြောင်း မေ ၃၀ ရက်နေ့ထိ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတွင် ဆေးလိပ်ငွေ့ကင်းစင်နေရာ (၁၀၂)နေရာထိ သတ်မှတ်ထားနိုင်ခဲ့ပြီ ဖြစ်ကြောင်းသိရသည်။ ဆေးလိပ်ငွေ့ကင်းစင် ပုဂံရှေးဟောင်းယဉ်ကျေးမှု ဒေသတစ်ခွင် အသိပညာပေးရှင်းလင်းပွဲသို့ ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် ခရိုင်အဖွဲ့ဝင်များ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ ညွှန်ကြားရေးမှူး ဦးညီမွန်းနှင့်ဝန်ထမ်းများ၊ ညောင်ဦးခရိုင်/မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပုဂံ-ညောင်ဦး ဒေသခံများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း