နေပြည်တော် အောက်တိုဘာ ၁၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲလုပ်ငန်းများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၁o ရက်နေ့ နံနက်ပိုင်းက ဒက္ခိဏသီရိမြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။ အစည်းအဝေးသို့ နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်ဝင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်ဝင်းက ဒက္ခိဏသီရိမြို့နယ်အတွင်း မဲစာရင်းများမှန်ကန်မှုရှိစေရေးနှင့် ကွဲလွဲမှုမရှိစေရေးအတွက် မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးရန် လိုအပ်ကြောင်း၊ ဌာနဆိုင်ရာအကြီးအကဲများအနေဖြင့်လည်း မြို့နယ်(Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီးဖြစ်သည့်အတွက် ကွင်းဆင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မြို့နယ်အတွင်း ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း၊ ကြေညာထားသည့် မဲစာရင်းများကိုလည်း ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ မဲစာရင်းလာရောက် ကြည့်ရှုသည့် ပြည်သူများက မဲစာရင်းတွင် အမည်ထည့်သွင်းခြင်း၊ မပါဝင်သင့်သူများ ပါဝင်ပါကကန့်ကွက်ခြင်း၊ အချက်အလက်များ မှားယွင်းပါက ပြင်ဆင်ခြင်းများ လျှောက်ထားရာတွင် ရွေးကောက်ပွဲကော်မရှင် ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်သွားရန် လိုအပ်ကြောင်းနှင့် ဌာနဆိုင်ရာများမှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသွားရန်ပြောကြားပြီး တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းခဲ့ရာ တာဝန်ရှိသူ များက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
ဒက္ခိဏသီရိမြို့နယ်အတွင်း ပထမအကြိမ် မဲစာရင်းတွင် မဲရုံ ၁၈ ရုံ၌ မဲဆန္ဒရှင် ၂၆၀၅၉ ဦး ရှိပြီး ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများအား စက်တင်ဘာလ ၃၀ ရက်နေ့မှ အောက်တိုဘာ ၂၀ ရက်နေ့အထိ ကပ်ထားကြေညာမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)