ကျိုင်းတုံမြို့၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၉)သင်တန်းဆင်း

ကျိုင်းတုံ အောက်တိုဘာ ၁၁

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ကျိုင်းတုံ)၏ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၉)သင်တန်းဆင်းပွဲကို ယမန်နေ့က အဆိုပါကျောင်းခန်းမ၌ ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်က သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းကျောင်းအတွက် ချီးမြှင့်ငွေများနှင့် သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား ထူချွန်ဆုများပေးအပ်သည်။ ထို့နောက် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းသင်တန်းကျောင်း(ကျိုင်းတုံ) ကျောင်းအုပ်ဒေါ်နန်းယုန်းက သင်တန်းဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြပြီး သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။

ထို့‌နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအုပ်ချုပ်‌ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးတင်လင်းနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများက သင်တန်းနည်းပြများနှင့် သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်၍ ခင်းကျင်းပြသထားသည့် သင်ထောက်ကူပစ္စည်းများအား ကြည့်ရှုအားပေးကြသည်။ အဆိုပါသင်တန်းသို့ ကျိုင်းတုံ၊ မိုင်းလားဒေသမှ သင်တန်းသူ (၃၀) ဦးတက်ရောက်ပြီး ရက်သတ္တပတ် ၂၂ ပတ်ကြာ ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့် (ပြန်/ဆက်)