နေပြည်တော် အောက်တိုဘာ ၁၁
ပြည်သူများအနေဖြင့် နိုင်ငံသားတစ်ဦး၏ အခွင့်အရေးဖြစ်သော ဆန္ဒမဲပေးနိုင်စေရေးအတွက် ရွေးကောက်ပွဲနှိုးဆော် အသိပညာပေးဆိုင်ရာ မြေစိုက်ပိုစကာ(Billboard) စိုက်ထူခြင်း အခမ်းအနားကို အောက်တိုဘာ ၁၀ ရက်နေ့ နံနက်ပိုင်းက နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဇေယျဌာနီလမ်းနှင့် မန္တလေးလမ်းထောင့်၊ ဇလပ်ဝါကုန်တိုက်အနီးတွင် ကျင်းပရာ အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်၊ နေပြည်တော်ကောင်စီဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ တက်ရောက်သည်။
ဦးစွာ ရွေးကောက်ပွဲနှိုးဆော် အသိပညာပေးဆိုင်ရာ မြေစိုက်ပိုစကာ(Billboard) အား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အခမ်းအနားတွင် ဖျော်ဖြေတင်ဆက်ခဲ့သည့် ဘင်ခရာနှင့်ပန်းပွားအဖွဲ့အား ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့က အခမ်းအနားတက်ရောက်လာကြသူများအား ရွေးကောက်ပွဲဆိုင်ရာ မဲဆန္ဒရှင်အသိပညာပေးခြင်းနှင့် MEVM အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ပြီး အခမ်း အနားအပြီးတွင် အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
အောင်ကို(ပုဗ္ဗသီရိ)