နေပြည်တော် အောက်တိုဘာ ၁၁
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် အောက်တိုဘာ ၉ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲစာရင်းများမှန်ကန်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို တက်ရောက်ခဲ့သည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အနေနဲ့ ၂၀၂၅ခုနှစ်၊ဒီဇင်ဘာလ ၂၈ ရက်နေ့ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် နေပြည်တော် ရှစ်မြို့နယ်အတွင်း လျာထားမဲရုံပေါင်း (၆၂၆)ရုံ လျာထားပြီး အဆိုပါမဲရုံ၌ တာဝန်ပေးအပ်မည့် မဲရုံ ဝန်ထမ်းများဖြင့် ဆောင်ရွက်ရန်အတွက် မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲစာရင်းစစ်ဆေးသူ၊ MEVM ထိန်းချုပ်စက်ကိုင်တွယ်မည့်သူ၊ မှင်တို့သူ၊ မဲရုံလုံခြုံရေး စသည့် မဲရုံအဖွဲ့ဝင်များ (၅၃၈၀)ဦးကို ခန့်အပ်တာဝန် ပေးအပ်သွားမှာဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံများတွင် အသုံးပြုမည့် မဲပေးစက်များကို ကိုင်တွယ် ထိန်းသိမ်းမည့် မဲရုံအဖွဲ့ဝင်များလည်း အဓိကကျသည့်အတွက် နေပြည်တော် ရှစ်မြို့နယ်တွင် မဲပေးစက်ကိုင်တွယ်ထိန်းသိမ်း အသုံးပြုနည်း သင်တန်းကို သင်တန်းသား(၁၄၉၃)ဦးကို သင်တန်းအပတ်စဉ်(၂)ကြိမ်ခွဲပြီးတော့ သင်တန်းကာလ နှစ်ရက်စီဖြင့် ၂၀၂၅ခုနှစ်၊ ဇူလိုင်လတွင် ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးသင်တန်းများ၊ မဲရုံမှူး၊ ဒုမဲရုံမှူး သင်တန်းများကိုလည်း ဆက်လက်ဖွင့်လှစ် ပို့ချသွားမည်ဖြစ်ပြီး ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများ မဲပေးခွင့်မဆုံးရှုံးအောင် ဆောင်ရွက်ရမှာဖြစ်သည့်အတွက် မဲစာရင်းပြည့်စုံမှန်ကန်စေရေးအတွက်လည်း အလေးထားဆောင်ရွက် ရမှာဖြစ်ပါကြောင်း၊ နေပြည်တော်အတွင်း ပထမအကြိမ် မဲစာရင်းကပ်ထားကြေညာခြင်းကို စက်တင်ဘာလ ၃၀ ရက်နေ့မှ အောက်တိုဘာလ ၁၃ရက်နေ့အထိ ၁၄ ရက်ကြာ ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများနှင့် ကျေးရွာများအထိ မဲစာရင်းကို ကပ်ထားကြေညာပေးသွားမည်ဖြစ်ကြောင်း၊ စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲလုပ်ငန်းစဉ်များထဲမှ တစ်ခုအပါအဝင်ဖြစ်သည့် မဲဆန္ဒရှင်စာရင်း တိကျမှန်ကန်ရေး သည်အရေးကြီးတဲ့ လုပ်ငန်းစဉ်ဖြစ်ပါကြောင်း၊ မဲပေးပိုင်ခွင့်ရှိသူများ မဲပေးခွင့်မဆုံးရှုံးရဖို့အတွက်လည်း အဓိက ဆောင်ရွက်ရမှာဖြစ်သည့်အတွက် နေပြည်တော်အတွင်း မဲစာရင်းမှန်ကန်ရေးအတွက် တာဝန်ရှိသူများအားလုံး ဝိုင်းဝန်းပူပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသူများမှ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မဲစာရင်းများ မှန်ကန်စေရေးကိစ္စရပ်များနှင့်ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြရာ တင်ပြချက်များနှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များမှာကြားပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့သည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော် ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်သည့်နေပြည်တော်၊ အဆောက်အဦများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် ယခုကျင်းပသည့် အစည်းအဝေးကတော့ နေပြည်တော်ကောင်စီနယ်မြေ သုခသိဒ္ဓိရပ်ကွက်၊ အကွက်အမှတ်(၈-က)တွင် ဝန်ထမ်းအိမ်ရာ အသစ်ပြန်လည်တည်ဆောက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပဲဖြစ်ပါကြောင်း၊ အဆောက်အဦများကို အောက်ခံမြေသား အပေါ်မူတည်ပြီး ဖောင်းဒေးရှင်းနှစ်မျိုးဖြင့် ဆောင်ရွက်နေကြကြောင်းကိုလည်း တွေ့ရှိရပါကြောင်း၊Pile ဖြင့် ဆောက်လုပ်ရမည့် အဆောက်အဦများအနေဖြင့် Pile ရိုက်စက်များ အမြန်ရောက်ရှိရေး ဆောင်ရွက်ကြဖို့ လိုအပ်ပါကြောင်းနှင့် Plinth Level ရရှိပြီး လုပ်ငန်းစတင်ခြင်းမရှိသေးတဲ့ အဆောက်အဦများလည်း လုပ်ငန်းများ အမြန်စတင်နိုင်ရေး ဆောင်ရွက်ကြဖို့လိုအပ်ပါကြောင်း၊ ဝန်ထမ်းအိမ်ရာများအမြန်ဆုံး ပြီးစီးမှသာ နေရေးထိုင်ရေးခက်ခဲနေသည့် ဝန်ထမ်းများကို နေရာပြန်ချပေးထားနိုင်မှာဖြစ်ကြောင်း၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းစေရေးကိုလည်း အလေးထားဆောင်ရွက်ကြရန်နှင့် တည်ဆောက်ရေးလုပ်ငန်း လုပ်ငန်းများကို အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြစေလိုကြောင်းနှင့် တာဝန်ရှိသူများအနေဖြင့်လည်း လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ)ဌာနမှူး၊ ဦးဇော်ထွန်းက လုပ်ငန်းပြီးစီးမှု အခြေအနေများနှင့်စပ်လျဉ်း၍ တင်ပြပြီး တက်ရောက်လာ သည့် ဆောက်လုပ်ရေးကုမ္ပဏီများက သက်ဆိုင်ရာ ကဏ္ဍအလိုက် အသီးသီးရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ညနေပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ပုဗ္ဗသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲစာရင်းများမှန်ကန်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တက်ရောက်အမှာစကားပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် လယ်ဝေးမြို့နယ်၊ ရာဇသင်္ဂဟလမ်းသို့ သွားရောက်ပြီး လမ်းဘေးဝဲယာနှင့် လမ်းလယ်ကျွန်းတစ်လျှောက် စိန်းလမ်းစိုပျိုရေး ရာသီလိုက် ပန်းအလှပင်များနှင့် အရိပ်ရအပင်များ ထပ်မံစိုက်ပျိုးထားရှိမှုနှင့် ကတ္တရာလမ်း AC ခင်းကျင်း နေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား စိုက်ပျိုးသည့်အပင်များ ရှင်သန်ကြီး ထွားအောင် စိုက်ပျိုးကြရန်၊ လမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပရေး အလေးထား ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ပုဗ္ဗသီရိမြို့နယ်ရှိ (သပြေကုန်း အဝိုင်းနှင့် ကုမုဒြာကြာပန်းအဝိုင်းကြား) ငလျင်ဘေးကြောင့်ထိခိုက်ပျက်စီးခဲ့သည့် မြေထိန်းနံရံများ ပြန်လည်ပြုပြင်နေမှု၊ လမ်းဘေးပလက်ဖောင်းများ ပြုပြင်နေမှုနှင့် ကတ္တရာလမ်းခင်းကျင်းထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအားလုပ်ငန်းများ အပိုင်းလိုက် အမြန်ပြီးစီးအောင် ဆောင်ရွက်ရေး၊ အရည်အသွေးပြည့်မီသည့်ပစ္စည်းများကိုသာ လုပ်ငန်းခွင်တွင်အသုံးပြုရေး၊ ငလျင်ဒဏ်အပြင် သဘာဝဘေးအန္တရာယ်များ ခံနိုင်ရည်ရှိအောင် သတ်မှတ်စံချိန်၊ စံညွှန်းနှင့်အညီ ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။
အောင်ကို(ပုဗ္ဗသီရိ)