ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ရှေ့၌ ရွေးကောက်ပွဲ နှိုးဆော် အသိပညာပေးဆိုင်ရာ မြေစိုက်ပိုစတာ (Billboard) ဖွင့်ပွဲ အခမ်းအနားကျင်းပ

အင်းစိန် အောက်တိုဘာ ၁၁

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပြည်သူများ မိမိတို့၏ ဆန္ဒမဲပေးပိုင်ခွင့်များ ဆုံးရှုံးမှုမရှိစေရေးအတွက် ရွေးကောက်ပွဲ နှိုးဆော်အသိပညာပေးဆိုင်ရာ မြေစိုက်ပိုစတာ(Billboard) ဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာ ၉ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ ဒဂုံ မြို့နယ်၊ ပြည်လမ်း၊ ပြည်သူ့ရင်ပြည်ရှေ့တွင် ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင်စောဝင်း၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ အခြေခံပညာဦးစီးဌာနမှ ဆရာ၊ ဆရာမ၊ သင်တန်းသား၊ သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ “နိုင်ငံသားအခွင့်အရေး မဆုံးရှုံးဖို့ မဲပေးကြပါစို့”  ရွေးကောက်ပွဲ နှိုးဆော် အသိပညာပေးဆိုင်ရာ မြေစိုက်ပိုစတာ(Billboard)အား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင်စောဝင်းတို့က စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ ရွေးကောက်ပွဲ နှိုးဆော် အသိပညာပေးဆိုင်ရာ မြေစိုက်ပိုစတာ(Billboard)အား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးအောင်စောဝင်း၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းကြပြီး အလားတူ ၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ “နိုင်ငံသားအခွင့်အရေး မဆုံးရှုံးဖို့ မဲပေးကြပါစို့”  ရွေးကောက်ပွဲ နှိုးဆော်အသိပညာပေးဆိုင်ရာ မြေစိုက်ပိုစတာ(Billboard)များအား ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ နေရာ(၈၉)နေရာတို့တွင် မြေစိုက်ပိုစတာ(Billboard) စုစုပေါင်း(၁၇၈)ခုတို့ကို တစ်ပြိုင်တည်း စိုက်ထူဖွင့်လှစ်ခဲ့ကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများသည် တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ ရန်ကင်းမြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်နှင့် ကမာရွတ်မြို့နယ်၊ အမှတ်(၉)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများတွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားရှိမှုကို လာရောက် ကြည့်ရှုသည့် ပြည်သူများနှင့် တွေ့ဆုံ၍ ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ မဲဆန္ဒရှင်စာရင်းများ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် စိစစ်ဆောင်ရွက်မှု လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က မဲဆန္ဒရှင်များ၏ ပုံစံ(၃)ဖြင့် လျှောက်ထားမှုများကို မဲစာရင်းတွင် အချိန်မီ ဖြည့်သွင်း ပေးနိုင်ရန်၊ ထောင်ကျနေသူများနှင့် သေဆုံးသူများအား ပုံစံ(၄)ဖြင့် ဖျက်ပြီး မဲစာရင်းတွင်မပါရှိရေးနှင့် အချက်အလက် မှားယွင်းမှုများရှိပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်နိုင်ရေး အလေးထားဆောင်ရွက်ရန်၊ မြို့နယ်ကော်မရှင်အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ် ရေးဦးစီးဌာနနှင့် တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ကြရန်စသည်တို့ကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)