အောင်မြေသာစံ အောက်တိုဘာ ၁၁
မန္တလေးရတနာပုံမြို့တည်နန်းတည် ပဉ္စမသင်္ဂါယနာတင် ဘဝရှင်မင်းတုန်း မင်းတရားကြီး တည်ထားကိုးကွယ်တော်မူခဲ့သော မဟာသကျမာရဇိန် ကျောက်တော်ကြီးမြတ်စွာဘုရား၏ ၁၃၇ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် သံဃာ့ဒါနဆွမ်းတော်ကြီးလောင်းလှူပွဲအခမ်းအနားကို အောင်မြေသာစံမြို့နယ်ရှိ မဟာသကျမာရဇိန် ကျောက်တော်ကြီးမြတ်စွာဘုရား အာရုံခံ တန်ဆောင်ကြီးအတွင်း အောက်တိုဘာလ ၉ ရက်နေ့ နံနက်ပိုင်းကကျင်းပရာ မန္တလေးမြို့ လေးပြင်လေးရပ်မှ ပင့်သံဃာတော်အပါး (၂၅၆၉)ပါး၊ သီလရှင်(၂၅၆၉) ပါးတို့အား လောင်းလှူကြသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဂေါပကဥက္ကဋ္ဌအဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ ဒေါက်တာဦးကျော်ဝင်းနှင့် ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များ၊ ဖိတ်ကြားထား သူများ တက်ရောက်ကြည်ညိုလောင်းလှူကြသည်။
ရှေးဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မဟာသကျမာရဇိန် ကျောက်တော်ကြီးမြတ်စွာ ဘုရားကိုဖူးမြော်ကြည်ညို၍ ဆွမ်း၊ ရေချမ်း၊ ဆီမီး၊ ပန်းများကပ်လှူပူဇော်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အလှူရှင်များနှင့်အတူ ဆွမ်းသပိတ်များ၊နဝကမ္မဝတ္ထုငွေများနှင့်လှူဖွယ် ပစ္စည်းများ လောင်းလှူကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အလှူရှင်များ ဆက်ကပ်လောင်းလှူနေမှုကို လှည့်လည်ကြည့်ရှု ကြည်ညိုကြကြောင်းနှင့် ရေစက်သွန်းချမင်္ဂလာ အခမ်းအနားကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)