ပေါင် အောက်တိုဘာ ၁၁
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုတ္တမကျေးရွာအုပ်စု၊ ရှေးဟောင်း (၁၆) ဌာန သမိုင်းဝင် ကျိုက်ဆေကလောင်၊ ကျိုက်ရွံဟွတ်၊ ကျိုက်မာလှိုင် စေတီတော်မြတ်ကြီးတို့အား စိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓဘိသေကအနေကဇာတင်ပွဲမင်္ဂလာအခမ်းအနားကို အောက်တိုဘာ ၈ ရက်နံနက်ပိုင်းက ပေါင်မြို့နယ်၊ မုတ္တမကျေးရွာရွာအုပ်စု ကျိုက်ဆေကလောင် စေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ အခမ်းအနားကို နမောတဿ (၃) ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး မော်လမြိုင်မြို့၊ မြစေတီစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယကဆရာတော် အဘိဓဇမဟာရဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိမလဗုဒ္ဓိထံမှ ကိုးပါးသီလခံယူဆောက်တည်ခဲ့ကြကာ သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်တော်မူသည့် မေတ္တာသုတ်အစရှိသော ပရိတ်တရားတော်များကို နာယူကြည်ညိုခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် အလှူရှင်များက ကျိုက်ဆေကလောင်၊ ကျိုက်ရွံဟွတ်၊ ကျိုတ်မာလှိုင် စေတီတော်မြတ်ကြီးတွင် တင်လှူပူဇော်မည့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို သံဃာတော်အရှင်သူမြတ်များထံ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ယင်းနောက် မော်လမြိုင်မြို့၊ မြဆည်းဆာနှင့် နဂါးမောက်ဆရာတော် မဟာမင်္ဂလဓမ္မဇောတိကဓဇ၊ သဒ္ဒမ္မဇောတိကဓဇ၊ ဘဒ္ဒန္တနရိန္ဒထံမှ အနုမောဒနာတရား နာယူကြည်ညိုပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေ၍ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျိုက်ဆေကလောင် စေတီတော်မြတ်ကြီးထံ တင်လှူပူဇော်မည့် စိန်ဖူးတော်နှင့် ငှက်မြတ်နားတော် တို့အားလည်းကောင်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများမှ ကျိုက်ရွံဟွတ်နှင့် ကျိုက်မာလှိုင်စေတီတော်မြတ်ကြီးတို့ထံ တင်လှူပူဇော်မည့် စိန်ဖူးတော်နှင့် ငှက်မြတ်နားတော် တို့အားလည်းကောင်း ပင့်ဆောင်၍ စေတီတော်မြတ်ကြီးအား လက်ယာရစ်သုံးကြိမ် လှည့်လည်ပူဇော်ခဲ့ကြပြီး မင်္ဂလာရထားပျံဖြင့် စေတီတော်အထွတ်သို့ တင်လှူပူဇော်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မင်္ဂလာအချိန်တွင် ကျိုက်ဆေကလောင်၊ ကျိုက်ရွံဟွတ်၊ ကျိုက်မာလှိုင် စေတီတော်မြတ်ကြီးတို့တွင် စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား တစ်ပြိုင်နက်တည်း တင်လှူပူဇော်ခဲ့ကြပြီး မင်္ဂလာရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးခဲ့သည်။
ယင်းနောက် မြစေတီစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယကဆရာတော် အဘိဓဇမဟာရဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိမလဗုဒ္ဓိမှဦးဆောင်၍ ကြွရောက်တော်မူလာကြကုန်သော ဆရာတော်သံဃာတော်များမှ ကျိုက်ဆေကလောင်၊ ကျိုက်ရွံဟွတ်၊ ကျိုက်မာလှိုင်စေတီတော်မြတ်ကြီးတို့အား ဘုရားအနေကဇာတင်ပူဇော်ကြပြီး အခမ်းအနားအပြီးတွင် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား နေဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
မွန်မလေး (ပြန်/ဆက်)