မြစ်ကြီးနား အောက်တိုဘာ ၁၁
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်အတွင်း နယ်မြေလုံခြုံရေးအခြေအနေအရ နေရပ်ကျေးရွာများကို စွန့်ခွာ၍ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့ပေါ်ရှိ ယာယီနေရပ်စွန့်ခွာစခန်းများသို့ လာရောက်ခိုလှုံနေထိုင်လျက်ရှိသော အိမ်ထောင်စုများအား ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင်ရေး ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အောက်တိုဘာ ၉ ရက် နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ နမ္မတီးမြို့သို့ သွားရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် နမ္မတီးမြို့ မြို့လှရပ်ကွက်အတွင်းရှိ မြို့တော်ခန်းမ၌ ဖားကန့်မြို့နယ်အတွင်းရှိ ကျေးရွာများမှတစ်ဆင့် နမ္မတီးမြို့ပေါ်ရှိ ယာယီနေရပ်စွန့်ခွာစခန်းများ၌ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြသော ထပ်တိုးအိမ်ထောင်စုများနှင့်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့အစိုးရအဖွဲ့အနေဖြင့် အိမ်ထောင်စုများ နေထိုင်မှု အဆင်ပြေစေရေး အဆောက်အဦ၊ ရေရရှိရေး၊ လျှပ်စစ်မီးလင်းရေး စသည့် အခြေခံကျသည့် ကိစ္စရပ်များကို ပံ့ပိုးကူညီပေးခဲ့သည့်အပြင် စားသောက်မှုအဆင်ပြေစေရေးအတွက်ကိုလည်း ဆန်အိတ်များနှင့် အခြေခံစားသောက်ကုန်များကို အတတ်နိုင်ဆုံး စီစဉ်ထောက်ပံ့ပေးလျက်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး၊ လူမှုရေးရာဝန်ကြီးတို့က ထပ်မံရွေ့ပြောင်းလာကြသော အိမ်ထောင်စု ၂၅၀ စုတို့အတွက် ဆန်အိတ် ၂၅၀ အိတ်၊ ဆီပိဿာ ၂၅၀ ပိဿာနှင့် စားသောက်ကုန်ပစ္စည်းများ၊ ကျောင်းသုံးဗလာစာအုပ်ဒါဇင် ၄၀၀ နှင့် ဘော့ပင်၊ ခဲတံ ၄၀၀ ဆီတို့ကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြပြီး မြို့မိ/ မြို့ဖများက ပြည်နယ် အစိုးရ အဖွဲ့မှ နမ္မတီးမြို့ စလင်းတောင်ပေါ်တွင် တည်ထားကိုးကွယ်သော ဇမ္ဗူအေးစေတီတော် တောင်တက်လမ်း ကွန်ကရစ်လမ်းခင်းရန်အတွက် မတည်ငွေကျပ်သိန်း ၅၀ လှူဒါန်းခြင်းအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်မှုကို လက်ခံရယူခဲ့ကြသည်။
ဆက်လက်၍ မြို့ပေါ်ရှိ ယာယီနေရပ်စွန့်ခွာစခန်းအားလုံး၏ ကိုယ်စား မြို့လှရပ်ကွက် ကြံခင်း KBC ယာယီနေရပ်စွန့်ခွာစခန်း တာဝန်ခံ ဦးဂွမ်ဂျာက စခန်းအသီးသီး၏ လိုအပ်ချက်များကို တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များအပေါ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီးစန့်ထရေဇား RC စခန်းအတွက် ဝါးဝယ်ယူနိုင်ရေးငွေကျပ်သိန်း ၁၅၀ ကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အဆိုပါရပ်ကွက်အတွင်းရှိ ကြံခင်း KBC ယာယီနေရပ်စွန့်ခွာစခန်းသို့ သွားရောက်ပြီး စခန်းတာဝန်ခံများ၊ စခန်းနေအိမ်ထောင်စုများနှင့် ရင်းရင်းနှီးနှီးသွားရောက်တွေ့ဆုံခဲ့ကြပြီး စခန်းအတွင်းရှိ ဝတ်ပြုဆုတောင်းဆောင်၌ အိမ်ထောင်စုများ၏ လိုအပ်ချက်များအတွက် မေးမြန်းဆွေးနွေးကာ လျှပ်စစ်မီတာကြေးအခက်အခဲနှင့် ယာယီနေအိမ် တန်းလျားများအကြား သဲကျောက်ခင်းပေးနိုင်ရေး ထောက်ပံ့ငွေကျပ်သိန်း ၅၀ ကို ထောက်ပံ့ပေးအပ်ခဲ့ကြကာ စခန်းအတွင်းရှိ မြေကွက်လပ်၌ မိသားစုများ၏ စားဖိုဆောင်အသီးအနှံစိုက်ခင်းအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုမှတစ်ဆင့် မြို့သာယာရပ်ကွက်အတွင်းရှိ စိန့်ထရေဇား RC နေရပ်စွန့်ခွာစခန်းသို့ သွားရောက်ပြီး စခန်းနေမိသားစုများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ စခန်းတာဝန်ခံက ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် လိုအပ်ချက်များကိုတင်ပြရာ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး သဲကျောက်ခင်းနိုင်ရေး ထောက်ပံ့ငွေကျပ်သိန်း ၅၀ ကို ပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က အိမ်ထောင်စုများအတွက် ဆန်ရိက္ခာ ထောက်ပံ့ပေးခဲ့ပြီး လိုအပ်သည်များ ထပ်မံဖြည့်ဆည်းပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိပါကြောင်း၊ ထို့အပြင် ထပ်တိုးအိမ်ထောင်စုများအတွက် နိုင်ငံတော်မှ ထောက်ပံ့ငွေရရှိရေး စာရင်းကောက်ခံတင်ပြထားရှိပြီး မကြာမီရရှိမည်ဖြစ်ပါကြောင်း အားပေးပြောကြားခဲ့ကာ စခန်းနေမိသားစုများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြသည်။
ယင်းနောက် စခန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကာ ရေဝပ်နေရာများတွင် သဲကျောက်လမ်းခင်းပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး ကလေးငယ်များနှင့် သက်ကြီးဘိုးဘွားများအတွက် မုန့်များကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် နမ္မတီးမြို့မှတစ်ဆင့် မြို့သစ်ကလေး ကျေးရွာအုပ်စု၊ မြို့သစ်ကြီးကျေးရွာသို့ သွားရောက်ခဲ့ကြပြီး ကျေးရွာအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မိသားစု တစ်ပိုင်တစ်နိုင်မှ စီးပွားဖြစ်မွေးမြူလုပ်ကိုင် ဆောင်ရွက်လျက်ရှိသော တောင်သူ ဦးဖြူထွန်း၏ ဝက်မွေးမြူရေးခြံ၌ အသားတိုးဝက်ကောင်ရေ (၈၀)ကျော်မွေးမြူထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကာ ဈေးကွက်ရောင်းချနိုင်မှု အခြေအနေများ၊ ဝက်သားပေါက်နှင့် တိရစ္ဆာန် အစာဝယ်ယူရရှိမှုအခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ကြပြီး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ မွေးမြူရေးအထောက်အကူပြု ဆေးဝါးပစ္စည်းများကို လည်းကောင်း၊ လှိုက်လှဲနွေးထွေးစွာ ကြိုဆိုခဲ့ကြသော ရှမ်းရိုးရာအကအဖွဲ့နှင့် ဒိုးပတ်အကအဖွဲ့တို့အား ချီးမြှင့်ငွေများကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ကျေးရွာအတွင်းရှိ တောင်သူများနှင့်တွေ့ဆုံကာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် ကုန်ထုတ်လမ်း၊ ချောင်းကူးတံတား၊ သွင်းအားစုလိုအပ်ချက်များအပေါ် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ စိုက်ပျိုးရေးလုပ်ငန်းများအတွက် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မြတောင်ကျေးရွာအုပ်စု ကွင်းအမှတ် (၆၄)၌ ကွင်းအတွင်းရှိ တောင်သူများနှင့် တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ပြည်နယ်အနေဖြင့် ဆန်ဖူလုံမှုရှိသော်လည်း စားဆီဖူလုံမှုရှိစေရန် ကြိုးစားကြရအုံးမည်ဖြစ်ပါကြောင်း၊ တောင်သူများအနေဖြင့် မိုးစပါးရိတ်သိမ်းပြီး လယ်များအားလုံးတွင် လယ်သီးထပ်ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုး နိုင်ရေး မျိုးကောင်းမျိုးသန့်မျိုးစေ့များ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်သည့်အပြင် လိုအပ်သည် သွင်းအားစုများ ရရှိရေးကိုလည်း ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် တောင်သူများ၏ စိုက်ပျိုးရေးအတွက် လိုအပ်ချက်များ တင်ပြမှုအပေါ် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး စပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ရွက်ဖျန်းမြေသြဇာအိတ်များ၊ ပါတလိုဗျူထရာဇောဆေးအိတ်များနှင့် လယ်သီးထပ်အတွက် ပဲပုတ်၊ နေကြာနှင့် ဆီမုန်ညှင်းမျိုးစေ့အိတ်များကို ထောက်ပံ့ပေးအပ်ခဲ့ကြကာ တောင်သူ ဦးဆန်နိုင်၏ မိုးစပါး စိုက်လယ်ကွင်းအတွင်း တောင်သူများနှင့်အတူ စပါးပင်ယိုင်လဲမှု ကာကွယ်ရန် ပါထလိုဗျူထရာဇော ဆေးပက်ဖျန်းခြင်းနှင့် ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာ အချိန်ကိုက် အချိုးကျပက်ဖျန်းခြင်း တောင်သူအသိပညာပေး ကွင်းသရုပ်ပြသမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နမ္မတီးမြို့ မြို့ဦး ရပ်ကွက်အတွင်းရှိ ဦးလဘူလ၏ ငါးကန်အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ငါးကန်စနစ်တကျ တူးဖော်၍ ငါးများကို နည်းစနစ်တကျ မွေးမြူနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)