ကျိုင်းလပ်မြို့၌ မိုးစပါးဆင်ဧကရီ ၃ တင်း(၁၀၀)အထက် ထွက်ရှိရေး စံပြစိုက်ခင်းစံကွက်ရိတ်သိမ်း

ကျိုင်းလပ် အောက်တိုဘာ ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ ၂၀၂၅-၂၀၂၆ မိုးစပါး တင်း(၁၀၀) အထက်ထွက်ရှိရေး စံပြစိုက်ခင်း စံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက်ပိုင်းက မိုင်းပါလျှိုးအုပ်စု၊ နမ့်ကိုင်းကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ မိုးစပါးစံကွက်ရိတ်သိမ်းရာတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မိုင်းပါလျှိုး အုပ်စုရပ်ကျေးစာရေး၊ မြို့ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနမှ ဦးစီးမှူး ဦးမောင်မောင်တာ နှင့်ဝန်ထမ်းများ၊ မြို့စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများ၊ ကျေးရွာစံကွက်ရိတ်သိမ်းရေး အဖွဲ့များနှင့်တောင်သူများက နမ့်ကိုင်းကျေးရွာရှိ ကွင်းအမှတ်-၈၃၊ ဦးပိုင်နံပါတ်-၈ ဆည်ရေ သောက် ဧရိယာကွင်းတွင် တောင်သူ ဦးအားဂျူ စိုက်ပျိုးထားသော ဆင်ဧကရီ ၃ စပါး စိုက်ခင်းကို ၆.၆ ပေပတ်လည် စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧကလျှင် မိုးစပါး ဆင်ဧကရီ ၃ အစိုအထွက်နှုန်း (၁၁၇.၁၉) တင်းနှင့် အခြောက်ထွက်နှုန်း (၁၀၇.၁၅) တင်း ထွက်ရှိကြောင်း  သိရသည်။

ဆက်လက်၍ အခြားသောကွင်းများရှိ စပါးမျိုးကွဲများကိုလည်း တောင်သူတစ်ဦးချင်းအလိုက် ဆက်လက်ရိတ်သိမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စန်းစန်းမြင့်(ပြန်/ဆက်)