ကျိုင်းတုံမြို့နယ် ကတ်ထိုက်-လွယ်ပန်တောင်း-အင်ဂိုလုံ ကျေးရွာမြေလမ်းဆောင်ရွက်

ကျိုင်းတုံ အောက်တိုဘာ ၁၀

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား စဉ်ဆက်မပြတ် အကောင် အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး(ပြည်ထောင်စု) ရန်ပုံငွေဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ကတ်ထိုက်- လွယ်ပန်တောင်း- အင်ဂိုလုံ မြေလမ်း ၃၃/၅ မိုင်ပေါ်တွင် ၀/၄ မိုင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေ အား အောက်တိုဘာ ၈ ရက်က ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ(ကျိုင်းတုံ)မှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ လမ်းအား ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် စတင်ဆောင်ရွက်ခဲ့ရာ မြေသား လမ်း ၃၃/၅ မိုင်၊ မြေလမ်းတာချဲ့ ၃၂/၀ မိုင်၊ ကျောက်လမ်း ၁၄/၀ မိုင်၊ ကွန်ကရစ်လမ်း ၁/၀ မိုင် ၎င်းလမ်း ပေါ်တွင် ၂၅ ပေ ကွန်ကရစ်တံတား ၂ စင်း၊ ၁၅ ပေ ကွန်ကရစ်တံတား ၁ စင်း၊ ကွန်ကရစ် ရေကျော် ၃၅ ပေ ၁ စင်းနှင့် ၅ ပေ Box Culvert ၅၁ စင်း ဆောင်ရွက်ပေးနိုင်ခဲ့ပြီး၊ ဘဏ္ဍာငွေ ရရှိမှုအပေါ် မူတည်၍ နှစ်စဉ်လျာထား အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါလုပ်ငန်းအား နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် လျာထားဆောင်ရွက်ပေးနိုင်မှုကြောင့် ကျိုင်းတုံမြို့နယ်၊ ကတ်ထိုက်အုပ်စုအတွင်းရှိ ကျေးရွာ ၂၅ ရွာ၊ အိမ်ခြေ ၁၀၅၀ အိမ်၊ လူဦးရေ ၈၈၅၃ ဦးတို့အတွက် များစွာအကျိုးပြုသည့်လမ်းပိုင်းဖြစ်ပြီး ဒေသတွင်းရှိထွက်ကုန်များအား ကျိုင်းတုံမြို့သို့ လွယ်ကူလျင်မြန်စွာ တင်ပို့ရောင်းချနိုင်သည့်အပြင် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး လူနေမှုအဆင့်အတန်း ပိုမိုမြင့်မားလာ၍ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်