မက်မန်းမြို့တွင် ပုရိမဝါမှထမြောက်သော သံဃာတော်အရှင်မြတ်တို့အား ပူဇော်ကန်တော့ခြင်းအခမ်းအနား ကျင်းပ

မက်မန်း အောက်တိုဘာ ၉

ရှမ်းပြည်နယ် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့၌ သာသနာတော်နှစ် ၂၅၆၉ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၅ ရက် အဘိဓမ္မာအခါတော်နေ့တွင် ပုရိမဝါမှထမြောက်သော သံဃာတော်အရှင်မြတ်တို့အား ပူဇော်ကန်တော့ခြင်းအခမ်းအနားကို အောက်တိုဘာ ၆ ရက်နေ့က မက်မန်းမြို့ အမှတ်(၂)ရပ်ကွက်၊ ပညာဒီပဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး မက်မန်းမြို့ ပညာဒီပကျောင်းတိုက်ဦးစီးပဓာန နာယကဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္ဒ စန္ဒသိရီထံမှ ကိုးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ကြွရောက်လာသော သံဃာတော်အရှင်မြတ်တို့မှ ပရိတ်တရားတော်များ ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ သံဃာတော်အရှင်သူမြတ်တို့ကို “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ အတွင်းရေးမှူး ဦးကျော်မြင့်လှိုင်နှင့်ဝန်ထမ်းများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းလင်းအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများက လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ 

ထို့နောက် သံဃာတော်အရှင်မြတ်တို့မှ အနုမောဒနာတရားတရားချီးမြှင့်ခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကာ ဩကာသအမွှန်းတင်ကန်တော့ချိုးဖြင့် ပြန်လည်ကန်တော့ခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်းရွတ်ဆိုဆုတောင်း၍ ရတနာရွှေမိုးငွေမိုး ရွားသွန်းခဲ့ပြီး အခမ်းအနားကိုအောင်မြင်စွာပြီးမြောက်ခဲ့ကြကာ သံဃာတော်အရှင်မြတ်တို့ကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရှိရပါသည်။

အေဇက်ထွန်း(မက်မန်း)