သုံးခွ အောက်တိုဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို သိုက်တူးကန်ကျေးရွာ ကွင်းအမှတ် ၈၄၈ A၊ ဦးပိုင်အမှတ် ၄၂ /၁ တောင်သူ ဦးမြင့်သောင်း၏ မိုးစပါးစံပြ စိုက်ခင်းတွင် အောက်တိုဘာ ၈ ရက် နေ့လယ် ၁၁ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို တောင်သူဦးမြင့်သောင်း၏လယ်ဧက၌ ရိတ်သိမ်းရာ မှော်ဘီ (၃) မိုးစပါးအထွက်နှုန်းမှာ စပါးအစိုထွက်နှုန်းတစ်ဧကလျှင် ထွက်နှုန်း (၁၁၅) တင်း၊ အခြောက် ထွက်နှုန်းတစ်ဧက (၁၁၀)တင်း ထွက်ရှိကြောင်းသိရပြီး သုံးခွမြို့နယ်တွင် မိုးစပါးစိုက်ဧက (၁၅၃၆၁၀)ဧကရှိကြောင်းသိရသည်။
မိုးစပါးရိတ်သိမ်းပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးတင်နိုင်နှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
စည်သူလင်း