စစ်တွေ အောက်တိုဘာ ၉
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ (၈/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများတက်ရောက်ကြပြီး ခရိုင်နှင့်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများက Video Conference စနစ်ဖြင့် တက်ရောက်ကြကြောင်း သိရသည်။
ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ အတူတကွလက်တွဲ၍ ရခိုင်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများ အောင်မြင်စေရေးတို့ကို ဆောင်ရွက်နေခြင်းသည် ယခုဆိုလျင် အချိန်ကာလတစ်ခုသို့ ရောက်ရှိလာပြီဖြစ်ကြောင်း၊ လာမည့် ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ လွှတ်တော် အသီးသီးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် စတင်ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်းနှင့် ဆက်လက်ကျင်းပပြုလုပ်မည့် အပိုင်းလိုက်နေ့ရက်များကိုလည်း ထုတ်ပြန် ပေးသွားမည်ဖြစ်ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ကြေညာခဲ့ပြီးဖြစ်ကြောင်း၊ ရွေးကောက်ပွဲသည် သိက္ခာရှိသည့် ရွေးကောက်ပွဲ၊ လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရမည်ဖြစ်ပြီး လွှတ်တော်သည်လည်း သိက္ခာရှိသည့် လွှတ်တော်ဖြစ်ရမည်ဖြစ်ကြောင်း၊ အလားတူရွေးကောက်ခံကိုယ်စားလှယ်များ ဘေးကင်းလုံခြုံစွာဖြင့် မဲဆွယ်စည်းရုံးနိုင်ရေးအတွက်လည်း လုံခြုံရေး ဆိုင်ရာတာဝန်ရှိသူများက အလေးပေးဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ရွေးကောက်ခံမည့် ကိုယ်စားလှယ်များအနေဖြင့်လည်း နိုင်ငံ၏အကျိုးကို ဆောင်ရွက်နိုင်သူ၊ ဒီမိုကရေစီစနစ်ကို ဖော်ဆောင် ပေးနိုင်သူ၊ ဒို့တာဝန်အရေး(၃)ပါးကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်သူဖြစ်ရန်လိုကြောင်း၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို စတင်ကျင်းပသွားမည်ဖြစ်၍ ရွေးကောက်ပွဲအကြိုကာလ လုပ်ငန်းစဉ်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက် လျက်ရှိကြောင်း၊ ပထမအကြိမ် မဲဆန္ဒရှင်စာရင်း သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ ခွဲရုံးများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာခွဲများတွင် ကပ်ထားကြေညာလျက်ရှိကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဦးတည်ချက်များနှင့်အညီ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့မှလည်း ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်စေရေး၊ သိက္ခာရှိသည့် လွှတ်တော်ဖြစ်စေရေးအတွက် အားလုံးပူးပေါင်း ဆောင်ရွက်ပေးကြရန်နှင့် ရွေးကောက်ခံကိုယ်စားလှယ်များ ဘေးကင်းလုံခြုံစွာ မဲဆွယ်စည်းရုံး ဆောင်ရွက်နိုင်ရေးအတွက် လုံခြုံရေးတာဝန်ရှိသူများကလည်းအလေးပေးဆောင်ရွက်သွားကြရန်နှင့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အားလုံး ပူးပေါင်း ဆောင်ရွက်သွားကြရန်ပြောကြားသည်။
ထို့နောက် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ ပြည်နယ်ရွေးကောက်ပွဲအရာရှိက ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူးက မဲစာရင်းမှန်ကန်ရေးနှင့် မဲဆန္ဒရှင်စာရင်းမှန်ကန်ရေးအတွက် မဲစာရင်းပြုစုခြင်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရမည့်အချက်များ၊ မဲစာရင်းတွင်ပါရှိနိုင်ရေး၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေး၊ မြို့သန့်ရှင်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးစသည့် ကိစ္စများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ ရုံးနှင့်ရုံး ပတ်ဝန်းကျင်သန့်ရှင်းသာယာရေး၊ မီးဘေးလုံခြုံရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပြီးပြတ်အောင် ဆောင်ရွက်နိုင်ရေးစသည့်တို့ကို မှာကြားပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့ပေါ်ရှိ ရပ်ကွက်များတွင်ပထမအကြိမ် မဲစာရင်းများ ကပ်ထားကြေညာထားရှိမှုကို သွားရောက်ကြည့်ရှုကြသည်။ ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘောလုံးကွင်းရပ်ကွက်ဓမ္မာရုံတွင် မဲဆန္ဒရှင်စာရင်းကြေညာထားရှိမှုကို သွားရောက်ကြည့်ရှုကြပြီး မဲစာရင်း လာရောက်ကြည့်ရှုကြသည့် ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းကြီးလမ်းရပ်ကွက်နှင့် ကျောင်းတက်လမ်းရပ်ကွက် ဓမ္မာရုံတို့တွင် မဲဆန္ဒရှင်စာရင်းများ ကြေညာထားရှိမှုတို့ သွားရောက်ကြည့်ရှုကြပြီး မဲစာရင်းလာရောက် ကြည့်ရှုကြသည့် ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်းသတင်းရရှိသည်။
တင်ထွန်း