မြစ်ကြီးနား အောက်တိုဘာ ၉
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း စားရေရိက္ခာဖူလုံရေးအတွက် ဆန်နှင့်စားဆီ ဖူလုံရေး အစီအစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိရာ မိုးစပါးရိပ်သိမ်းပြီး ရိုးပြတ်ကျန်လယ်များတွင် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးမည့် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်များအတွင်းရှိ တောင်သူများထံ မျိုးကောင်းမျိုးသန့်မျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို အောက်တို ဘာ ၈ ရက် နံနက် ၈ နာရီခွဲက မြစ်ကြီးနားခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဆီထွက်သီးနှံစိုက်ပျိုးမည့် တောင်သူများနှင့် တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ ပြည်နယ်အနေဖြင့် ဆန်ဖူလုံမှုအနေဖြင့် ၁၀၄ ရာခိုင်နှုန်းကျော်ရှိသော်လည်း စားဆီဖူလုံမှုတွင် လိုအပ် ချက်များစွာရှိနေသေးပါကြောင်း၊ သို့ဖြစ်ပါ၍ ဖူလုံမှုရှိသည့် ဆန်ကို ပိုမိုဖူလုံအောင် စိုက်ပျိုးရမည့် ဖြစ်သကဲ့သို့ ဆီဖူလုံမှုရှိအောင်လည်း တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးကို အလေး အနက်ထားကြိုးစားကြရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် လယ်သီးထပ်အဖြစ် ဆီထွက်သီးနှံတိုးချဲ့ စိုက်ပျိုးနိုင်ရေး ယခု ၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ဆီထွက်သီးနှံ စိုက်ဧရိယာ (၁၂၀၇၁)ထပ်မံတိုးချဲ့ စိုက်ပျိုးနိုင်ရေးလိုအပ်သည့် မျိုးကောင်းမျိုးသန့်မျိုးစေ့များကို ပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကျေးဇူးရှင်တောင်သူများအနေဖြင့် ဆီထွက်သီးနှံ မျိုးကောင်းမျိုးသန့်မျိုးစေ့များကို အသုံးပြု၍ နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးနိုင်ရေး လိုအပ်ချက်များ ရှိပါကလည်း ထပ်မံဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးသွားမည့် မြစ်ကြီးနားခရိုင်အတွင်းရှိ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်များမှ တောင်သူများအတွက် မြေပဲ၊ နှမ်း၊ နေကြာ၊ ဆီမုန်ညှင်း၊ ပန်းနှမ်း၊ ပဲပုတ် စသည့် မျိုးကောင်းမျိုးသန့်မျိုးစေ့ (၁၂၇၇)တင်းကို တောင်သူများထံ ဖြန့်ဝေပေးအပ်ခဲ့ရာ တက်ရောက်လာကြသည့် တောင်သူများက ဆီထွက်သီးနှံစိုက်ပျိုးရေး အတွက် စိုက်ပျိုးရေ လိုအပ်ချက်၊ ကျွဲ၊ နွားအန္တရာယ်ကာကွယ်ရေး စသည့် လိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာကဏ္ဍအလိုက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံးအတွင်း၌ ခရိုင်အတွင်းရှိ တောင်သူများအား ဖြန့်ဝေပေးနိုင်ရေး ဆီထွက်သီးနှံမျိုးကောင်း၊ မျိူးသန့်မျိုးစေ့များ စုစောင်းသိုလှောင်ထားရှိမှုနှင့် စမ်းသပ်စိုက်ပျိုးပြသထားရှိမှုတို့ကို လည်းကောင်း၊ ရုံးဝင်းအတွင်း စမ်းသပ်စိုက်ပျိုးထားသည့် ကာရေဗီယန်ကော်ဖီပင်များ ဖြစ်ထွန်းအောင်မြင်နေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့ မွန်းလွဲပိုင်းကလည်း ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဝိုင်းမော်မြို့နယ်၊ ဝါးရှောင်ကျေးရွာအုပ်စုအတွင်းရှိ ယာယီနေရပ်စွန့်ခွာမိသားစုများအတွက် ယာယီခိုလှုံနေထိုင်နိုင်ရေးအတွက် မန်ခိန်ရပ်ကွက်၊ ပြည်နယ်လွှတ်တော်ရုံးအနီးရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)ပိုင် မြေဧရိယာ (၁၂ ဒဿမ ၁၃)ဧကပေါ်တွင် ယာယီနေအိမ်များ တိုးချဲ့ဆောက်လုပ်နေရာချထားပေးနိုင်ရေး ရပ်မိ/ရပ်ဖများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ချီဖွေခရိုင်မှ ဌာနဆိုင်ရာများနှင့် ပြည်သူများအတွက် အဆိုပါရပ်ကွက်အတွင်း နေရာချထားပေးခဲ့သည့် ချီဖွေယာယီတိမ်းရှောင်စခန်းသို့ သွားရောက်ပြီး စခန်းနေအိမ်ထောင်စုများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားကာ ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အိမ်ထောင်စုများအတွက် ဆန်အိတ် (၅၀)အား ထောက်ပံ့ပေး အပ်ခဲ့ကြပြီး စခန်းနေအိမ်ထောင်စုများ၏ လိုအပ်ချက်များ တင်ပြမှုအပေါ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် အဆိုပါ ချီဖွေစခန်းနှင့်ကပ်လျက်ရှိသည့် စန်းကားယာယီတိမ်းရှောင်စခန်းသို့ သွားရောက်ပြီး အိမ်ထောင်စုများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြားကာ အိမ်ထောင်စုများအတွက် ဆန်အိတ် (၅၀)ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး အိမ်ထောင်စုများ၏ လိုအပ်ချက်များအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကာ စခန်းအတွင်းရှိ အသက် (၁၅)နှစ်အောက် ကလေးများအတွက် ဘောလုံးပြိုင်ပွဲကို ကြည့်ရှုအားပေးခဲ့ကြပြီး ဘောလုံးပြိုင်ပွဲနှင့် လော်ဝေါ်ရိုးရာအကအဖွဲ့တို့အတွက် ချီးမြှင့်ထောက်ပံ့ငွေကျပ် (၁၅)သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်အတွင်းရှိ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံး၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ၃၀-၉-၂၀၂၅ ရက်နေ့မှ ၁၃-၁၀-၂၀၂၅ ရက်နေ့အထိ ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာထားရှိမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မဲဆန္ဒရှင်စာရင်း လာရောက်ကြည့်ရှုနေကြသော ပြည်သူများအား ဆန္ဒမဲပေးနိုင်ရေးအတွက် မဲစာရင်းတွင် မိမိတို့အမည်စာရင်းမပါဝင်ပါက၊ အမည်နှင့်အချက်အလက်များကို ကန့်ကွက်ရန်ရှိပါက ရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည့်အတိုင်း လုပ်ထုံး လုပ်နည်းနှင့်အညီ လျှောက်ထားတင်ပြနိုင်ရေး၊ တာဝန်ရှိသူများအနေဖြင့်လည်း မဲဆန္ဒရှင်စာရင်းလာ ရောက်ကြည့်ရှုသူများအား လိုအပ်သည်များအပေါ် ကူညီဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့အတူ ညပိုင်းတွင်လည်း ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သီတင်းကျွတ်လပြည့် ကျော် (၁)ရက်နေ့ မြစ်ကြီးနားမြို့ပေါ်ရှိ ရှေးဟောင်းသမိုင်းဝင် စေတီတော်ကြီးများဖြစ်သည့် လောကမာန်အောင် ဆုတောင်းပြည့်စေတီတော်ကြီး၌ လည်းကောင်းနှင့် ရန်ကြီးအောင်ရပ်ကွက်အတွင်းရှိ အံတော်ရှင်စေတီတော်ကြီး၌ လည်းကောင်း ဆီမီး (၁၀၀၀)ထွန်းညှိပူဇော်ခြင်း၊ ပန်းရေချမ်းဆီမီးကပ် လှူပူဇော်ခြင်း စသည့် ကောင်းမှုကုသိုလ်များကို စုပေါင်းဆောင်ရွက်ခဲ့ကြပြီး ကုသိုလ်ကောင်းမှု ပြုရန် လာရောက်ကြသည့် ဘုရားဖူးပြည်သူများအား စတုဒီသာအဖြစ်ကြာဇံဟင်းခါးနှင့်ကောက်ညှင်းပေါင်း၊ လက်ဘက်ရည်တို့ဖြင့် ဧည့်ခံကျွေးမွေးပေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနာမြို့ မင်းရပ်ရပ်ကွက်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ မင်းရပ်ပြည်သူအားကစားကွင်းအတွင်းနှင့် ဧရာဦးပန်းခြံအတွင်း သီတင်းကျွတ်မီးထွန်းပွဲတော်အဖြစ် အများပြည်သူ လွတ်လပ်ပျော်ရွှင်စွာ အပန်းဖြေအနားယူနိုင်ရေး ရောင်စုံစလိုက်မီးများဖြင့် အလှဆင်ထားခြင်း၊ နိုင်ငံကျော်အဆိုတော် နောနော်နှင့် ဒေသခံတိုင်းရင်းသား အဆိုရှင်များ၏ စင်တင်တေးဂီတ အစီအစဉ်များဖြင့် ယခင်နှစ်များနှင့်မတူ အထူးစည်ကားလျက်ရှိ သည့် အခြေအနေများကို လှည့်လည် ကြည့်ရှုအားပေးခဲ့ကြပြီး လာရောက်လည်ပတ် ပျော်ရွှင်သူများအတွက် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၏ ဒါနကုသိုလ်အဖြစ် မြန်မာ့ရိုးရာအစားအစာများကို စတုဒီသာအဖြစ် ဧည့်ခံကျွေးမွေးပေးခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)