တံတားဦး အောက်တိုဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာတွင် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ ၁း၃ အချိုးကျရောစပ်ကြဲပက်ခြင်း ကွင်းသရုပ်ပြသခြင်းကို ယမန်နေ့နံနက် (၈)နာရီက သူငယ်တော်ကျေးရွာ ကွင်းအမှတ် ၁၃၃၆ ဦးပိုင်အမှတ် ၆၃က/ခ တောင်သူ ဦးကျော်လွင်၏ လယ်မြေ(၃)ဧကတွင် ဆောင်ရွက်ကြကြောင်း သိရသည်။
အဆိုပါကွင်းသရုပ်ပြပွဲတွင် တံတားဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကနေဒီထွန်းက တောင်သူများအား ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများ အချိုးကျ ကြဲပက်ခြင်းနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးခြင်း၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ ၁း၃ အချိုးကျရောစပ်ကြဲပတ်ခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများအကြောင်းကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် ကွင်းသရုပ်ပြပွဲသို့ တက်ရောက်လာကြသည့် တောင်သူများက ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ ၁း၃ အချိုးကျရောစပ်ပြီး ကွင်းအတွင်း၌ တောင်သူများ လက်တွေ့ကြဲပက်ခြင်းကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ယူရီးယားမြေဩဇာ လေလွင့်ဆုံးရှုံးမှုမရှိစေရေးနှင့် သီးနှံပင်မှ အပြည့်အဝစားသုံးနိုင်စေရေးအတွက် ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ ၁း၃ အချိုးကျရောစပ်ကြဲပတ်ခြင်းကို တောင်သူများလိုက်ပါဆောင်ရွက်လာရန် ယခုလို ကွင်းသရုပ်ပြဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ရဲတင့်(ပြန်/ဆက်)