မိုင်းယု အောက်တိုဘာ ၉
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့အတွင် သီတင်းကျွတ်လဆုတ်(၂)ရက်၊ အောက်တိုဘာလ ၈ ရက်နေ့ နံနက်ပိုင်းက မြို့မရပ်ကွက်ရှိ ဝပ်လုံကြွမ်တောင်းကျောင်းတိုက်အတွင်း၌ မြို့လုံးကျွတ် ဆွမ်း၊ ဆန်စိမ်းလောင်းလှူပွဲကျင်းပခဲ့ကြသည်။
အဆိုပါ ဆွမ်းလောင်းပွဲတော်ကို မြို့ပေါ်နှင့် ရပ်ကွက်/ကျေးရွာများမှ သံဃာတော်နှင့်ရှင်သာမဏေများ စုစုပေါင်း (၁၂၉)ပါးတို့အား ပင့်ဖိတ်ကာ ယင်းကျောင်းတိုက်မှတဆင့် မြို့ပတ်လမ်းတစ်လျှောက်လှည့်လည် ကြွမြန်းကြပြီး အမှတ် ၂၂၆ ခြေမြန်တပ်ရင်းမှ ဒုတိယဗိုလ်မှူးကြီး စစ်နိုင်ဖြိုး၊ မြို့အုပ်ချုပ်ရေးမှူး ဦးလောထွေးနှင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ဒေသခံတိုင်းရင်းသား အလှူရှင်ပြည်သူများက လှူဖွယ် ဝတ္ထုနှင့် ပစ္စည်းများအား စုပေါင်းလောင်းလှူခဲ့ကြသည်။
ဆွမ်း၊ ဆန်စိမ်းလောင်းလှူမှုအပြီးတွင် ယင်းကျောင်းတိုက်အတွင်း၌ အဆိုပါ ကျောင်းတိုက်ဆရာတော်နှင့် သံဃာတော်အရှင်သူမြတ်များ၊ ရှင်သာမဏေများနှင့်တကွ အလှူရှင်ဒါယိကာ/မများက ဆရာတော်များထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ တရားတော်များနာယူကြခြင်း၊ ရေစက်သွန်းချအမျှဝေခြင်း၊ ဧည့်သည်တော်တို့အား ဧည်ခံကျွေးမွေးကြခြင်းနှင့်အတူ ရိုးရာအကများဖြင့်လည်း ဖျော်ဖြေတင်ဆက်ကပြခဲ့ကြကြောင်းသိရသည်။
ကိုကိုနိုင်